မုံရွာတရားရုံးတင် အချုပ်တရားခံများ ထွက်ပြေး

မုံရွာတရားရုံးတင် အချုပ်တရားခံများ ထွက်ပြေး

မုံရွာ၊ နိုဝင်ဘာ ၁ ။              ။ မုံရွာတရားရုံးတွင် ရုံးတင်စစ်ဆေးနေသည့် အချုပ်တရားခံများ အောက်တိုဘာ၃၁ ရက် ညနေခင်းက အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မုံရွာခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် အချုပ်သား (၇)ဦးမှာ အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က တရားရုံးအချုပ်ခန်းအား ဒိုင်းလွှဖြင့် ဖျက်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

အချုပ်သား (၇)ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ကြပြီး (၃)ဦးကိုမူ တရားရုံးဝန်းကျင်မှ ချက်ချင်းပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထွက်ပြေးတရားခံ (၃)ဦးကတော့ ချက်ချင်းမိတယ်။ (၄)ဦးကတော့ မမိသေးဘူး။ သူတို့လိပ်စာပါအတိုင်းလိုက်လံစုံစမ်းနေပါတယ်။ နီးစပ်ရာဆွေမျိုးသားချင်းတွေဆီကိုလည်း စုံစမ်းနေပါတယ်။ ပိတ်ဆို့ဖမ်းဆီးနေဆဲပဲရှိပါသေးတယ်။" ဟု မုံရွာမြို့မရဲစခန်းမှူး ရဲမှူးကျင်စိန်က ပြောသည်။

လွတ်မြောက်နေဆဲ ထွက်ပြေးတရားခံ (၄)ဦးမှာ တိုးနိုင် (၄၃) နှစ်၊ ရာကြီးအမှတ် ၃၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)။ နောင်ရဲ (၂၉) နှစ်၊ ရာကြီးအမှတ် ၄၄/၂၀၁၇ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ ။
အောင်ပြည့်စုံဟိန်း (၂၀) နှစ်၊ ရာကြီးအမှတ်၂၉၈၉/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)။
ဇော်မင်းနိုင်(ခ)ဇော်ကြီး (၂၈) နှစ်၊ ရာကြီးအမှတ် ၅၆၉/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချုပ်တရားခံများသည် မုံရွာခရိုင်တရားရုံးနှင့် မုံရွာမြို့နယ်တရားရုံးတို့တွင် အမှုရင်ဆိုင်နေရသည့် မူးယစ်တရားခံများဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly