နိုင်ဂျီးရီးယားရှိ ဗလီတစ်ခု၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၅ဦးသေဆုံး

နိုင်ဂျီးရီးယားရှိ ဗလီတစ်ခု၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၅ဦးသေဆုံး

ကာနို၊ နိုင်ဂျီးရီးယား၊ အောက်တိုဘာ ၃၁ ။         ။ နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းဒေသရှိ ဗလီတစ်ခုအတွင်းသို့ တနင်္လာနေ့က အသေခံဗုံးဖောက်ခွဲသူတစ်ဦး ၀င်ရောက်လာပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အတွက် လူပေါင်း ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဘိုကိုဟာရမ် ဂျီဟတ်ဝါဒီများကို တိုက်ခိုက်နေသည့် အစိုးရစစ်တပ်အား အကူအညီပေးနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြောခဲ့သည်။

မိုင်ဒူဂူရီမြို့မြောက်ပိုင်းမှ ၁၅ကီလိုမီတာခန့်ကွာဝေးသောအရပ်ရှိ အာဂျီရီယာလာဒေသမှ ပြည်သူ့စစ်တပ်ဖွဲ့ (CJTF) ၏ ခေါင်းဆောင်ဖြစ်သူက အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ဒေသစံတော်ချိန်မနက် ၄း၃၀ နာရီ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“အသေခံဗုံးခွဲတိုက်ခိုက်သူ အမျိုးသားတစ်ဦးဟာ မနက်ခင်းဝတ်ပြုသူတွေစုရုံးနေတဲ့အချိန်မှာ ၀တ်ပြုသူတစ်ဦး အဖြစ် ရုပ်ဖျက်ဟန်ဆောင်ပြီးတော့ ဗလီထဲကိုဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု သူကပြောသည်။

“သူ့ကိုယ်ပေါ်မှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့ပါတယ်။ သူ့ကြောင့် လူ ၅ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားရှိ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့သည် ၄င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိ သော်လည်း အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်မည့် ၄င်းတို့အဖွဲ့သည် ထကြွသောင်းကျန်းခဲ့သည့် ၈နှစ်တာ ကာလအတွင်း အသေခံဗုံးခွဲခြင်းကို နည်းဗျူဟာတစ်ခုအဖြစ်အသုံးချကာ သောင်းကျန်းလျက်ရှိသည်။

ဘိုကိုဟာရမ်အဖွဲ့၏ အစွန်းရောက်ဝါဒများကို လက်ခံကျင့်သုံးခြင်းမရှိသော ဗလီများကို ၄င်းတို့အဖွဲ့က ပစ်မှတ် ထားကာ တိုက်ခိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly