ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီတွင် အမျိုးသမီးကို အားကစားရုံများတွင်းသို့ ၀င်ခွင့်ပေးတော့မည်

ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီတွင် အမျိုးသမီးကို အားကစားရုံများတွင်းသို့ ၀င်ခွင့်ပေးတော့မည်

 

အောက်တိုဘာ ၃၀ ။                ။ ဆော်ဒီအာရေဗျအစိုးရက ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို လာမည့်နှစ်မှစ၍ အားကစားရုံများတွင်းသို့ ဝင်ရောက်ခွင့် ပေးတော့မည်ဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ဖော်ပြောကြားသည်။

အမျိုးသမီးများအပေါ် ကမ္ဘာ့အတင်းကျပ်ဆုံး စည်းမျဉ်းတစ်ချို့ ချမှတ်ထားသည့် ယင်းနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် ယခင်ကာလကြာကတည်းက အားကစားရုံများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသည်။

သို့သော်  သြဇာပါဝါကြီးမားသည့် အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆော်မန်က ယခုအခါ နိုင်ငံတွင် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာနေသည်နှင့်တစ်ပြိုင်နက် ယခုကြေညာချက်လည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အဆိုပါ နိုင်ငံတွင် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုအဖြစ် လာမည့် ဇွန်လမှစ၍ အမျိုးသမီးများ ယာဉ်မောင်းနှင်ခွင့်ကိုပါ ခွင့်ပြုပေးသွားတော့မည်လည်း ဖြစ်သည်။

" လာမယ့် ၂၀၁၈ အစောပိုင်းကစလို့ ရီယက်ဒ်၊ ဂျက်ဒါး၊ ဒမ်မမ်တို့မှာ ရှိတဲ့ အားကစားရုံကြီး သုံးရုံမှာ မိသားစုဝင်တွေကို လက်ခံကြည့်ရှုခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်" ဆိုပြီး ဆော်ဒီ အားကစားရေးရာ အာဏာပိုင်အဖွဲ့က တွစ်တာကနေတဆင့် ရေးသားထားသည်။

ယခု အစိုးရ၏ ကြေညာချက်အရ ဆော်ဒီအမျိုးသမီးများအနေဖြင့် ပထမဆုံးအကြိမ် အားကစားရုံများထဲတွင် အမျိုးသားများနှင့်အတူ ဝင်ရောက်ကြည့်ရှုခွင့် ရတော့မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly