မောင်တောနှင့် ဘူးသီးတောင်တွင် အခြေခံအဆောက်အအုံများတည်ဆောက်ရေး လာမည့်အပတ်တွင် အကောင်ထည်ဖော်မည်

မောင်တောနှင့် ဘူးသီးတောင်တွင် အခြေခံအဆောက်အအုံများတည်ဆောက်ရေး လာမည့်အပတ်တွင် အကောင်ထည်ဖော်မည်
ဘူးသီးတောင်မြို့တွင်း မြင်ကွင်း။ ဓာတ်ပုံ-EPA
 

ရန်ကုန်၊ အောက်တိုဘာလ ၂၉ ။            ။ လာမည့်အပတ်မှ စတင်၍ အခြေခံအဆောက်အဦများအား မောင်တောနှင့် ဘူးသီးတောင်တို့တွင် စတင် အကောင်ထည်ဖော် တည်ဆောက်တော့မည်ဟု ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

“ မောင်တောရယ်၊ ဘူးသီးတောင်ရယ် ဒါက ဖွံ့ဖြိုးမှုနည်းတာပေါ့။ အဲ့ဒီနေရာတွေကို အဓိကအာရုံစိုက်ရမှာပေါ့။ ဆောက်လုပ်မယ့်အပိုင်းကိုတော့ ဒီတစ်ပတ်အတွင်း စမှာပါ။ ဆရာတို့မှာ ရတဲ့အချိန်ကာလကလည်း ရာသီဥတု အရဆိုရင် ဧပြီကုန်လောက်ဆိုရင် မိုးတွေလာတော့မယ်။ အဲ့ဒီတော့ ဆရာတို့က ၆ လလောက်ပဲအချိန်ရတယ်။ ၆ လလောက်ကို အရှိန်အဟုန်မြင့်မြင့်မားမားနဲ့ ဆရာတို့ အကောင်အထည်ဖော်ရမှာပေါ့”ဟု ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ စုပေါင်းပြီး အခြေခံအဆောက်အအုံများနှင့် လမ်းတံတားများကို စတင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးအတွက် ကောက်ခံရရှိထားသည့် အလှူငွေများမှ သုံးစွဲသွားမည့် အပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကလည်း အခမဲ့တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တို ဘာလ ၂၉ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်နှင့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးအဖွဲ့တို့   မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စတင်လုပ်ဆောင်ရာတွင် နှစ်နိုင်ငံနယ်စပ်ရှိ  လက်ခံရေးစခန်းများဖွင့်ရန် အဆောက်အဦများ တည်ဆောက် ရန်ရှိပြီး အစိုးရအနေဖြင့် ပြန်လာသူများအား စီစစ်လက်ခံသွားမည်ဟု ကြေညာထားသည်။

“ အဓိကအားဖြင့် စလုပ်ရမှာကတော့ နံပါတ်တစ် ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့သူတွေအတွက် လက်ခံတဲ့ ကောင်တာ အဆောက်အဦးတွေ တည်ဆောက်ပေးရမယ်။ လောလောဆယ်ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ပေးရမယ်။ အမိုးတွေပျက်တာတွေ ပြန်ပြင်ပေးမယ်။ ဒုတိယအနေနဲ့ အန်ကယ်တို့ တည်ဆောက်ရေး ကဏ္ဍကို သွားမယ်။ ရေ၊ မီးရရှိရေးအတွက်   ဆောင်ရွက်ပေးမယ်”ဟု ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အဦတည်ဆောက်ရေးအဖွဲ့ (CITF) မှ နာယက စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။

ရခိုင်ပြည်နယ်အတွက် အဆောက်အဦများတည်ဆောက်ရန် မြန်မာနိုင်ငံမှ ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်မည်ဖြစ်ပြီး  လိုင်စင်ရ ကန်ထရိုက်တာများအသင်းမှ လုပ်ငန်းရှင်အားလုံးနီးပါး ပါဝင်သည်။

စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေက  စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ လမ်းမကြီးဖောက်ရန်ကိစ္စ၊ စစ်တွေတွင် လေယာဉ်ကွင်းဟောင်းတစ်ခုအား အကြီးစားတိုးချဲ့ပြင်ဆင်ရန်ပါရှိကြောင်း   ပြောခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများပြန်လည်ဆောက်နိုင်ရန်အတွက် UEHRD အနေဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ၉ဖွဲ့တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များစုပေါင်းပြီး   ဆောက်လုပ်ရေးနှင့်  အခြေခံ အဆောက်အဦးတည်ဆောက်ရေးအဖွဲ့ (CITF) အနေဖြင့် ပါဝင်ခြင်းဖြစ်ကာ ယင်းအဖွဲ့အနေဖြင့် လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို အောက်တိုဘာလ ၁၅ ရက်က ဖွဲ့စည်းခဲ့ပြီး အဆိုပါ စီမံကိန်းများ လုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၂ဦးက စုစုပေါင်း ကျပ်သိန်း ၁၆၇၀၀၀ လှူဒါန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly