သီရိလင်္ကာနှင့် ခရစ်ကတ်ပြိုင်ပွဲမကျင်းပမီ ပါကစ္စတန်တို့ လုံခြံုရေးတင်းကြပ်စွာချထား

သီရိလင်္ကာနှင့် ခရစ်ကတ်ပြိုင်ပွဲမကျင်းပမီ ပါကစ္စတန်တို့ လုံခြံုရေးတင်းကြပ်စွာချထား

လာဟိုး၊ ပါကစ္စတန်၊ အောက်တိုဘာ ၂၉ ။            ။ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ ခြုံခိုတိုက်ခိုက်ခံခဲ့ရသော သီရိလင်္ကာခရစ်ကတ် အသင်းသည် ယခုအခါတွင် ပါကစ္စတန်နိုင်ငံသို့ ထပ်မံရောက်ရှိလာခဲ့သောကြောင့် သောင်းနှင့်ချီသော လုံခြုံ ရေးတပ်ဖွဲ့များကို ပါကစ္စတန်အစိုးရက တနင်္ဂနွေနေ့တွင် တပ်ဖြန့်ချထားလျက်ရှိသည်။

လက်ရှိသီရီလင်္ကာခရစ်ကတ်အသင်း၌ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အသက်ရှင်ကျန်ရစ် ခဲ့သည့် နည်းပြချုပ်နှင့်ကစားသမားများ ပါဝင်လာခဲ့ပြီး ပါကစ္စတန်၌လက်ရှိဖြစ်ပွားနေသော စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် လုံခြုံရေးများကို တင်းကြပ်စွာချထားခြင်းဖြစ်သည်။

လူအများအပြားက စိုးရိမ်မှုများရှိနေသော်လည်း လွန်ခဲ့သော ၁၉၉၆ ခုနှစ်က လာဟိုးမြို့၌ကျင်းပခဲ့သည့် ခရစ်ကတ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ သြစတြေးလျကိုအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သော သီရိလင်္ကာခရစ်ကတ် အသင်း၌ ကစားသမားများအဖြစ်ပါဝင်ခဲ့ကြသည့် လက်ရှိအသင်း၏ မန်နေဂျာအာဆန်ကာဂုရုဆင်ဟာနှင့် ဘတ်တံနည်းပြဖြစ်သူ ဟာရှန်တီလာကာရတ်နီတို့သည် ပါကစ္စတန်သို့ ထပ်မံရောက်ရှိလာပြီဖြစ်သည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်နေ့က သီရိလင်္ကာခရစ်ကတ်အသင်း၏ ဘတ်စ်ကားယာဉ်တန်းသည် လာဟိုးမြို့ှရှိ ဂဒါဖီအားကစားကွင်းအနီး၌ ပါကစ္စတန်တာလီဘန်များ၏ ခြုံခိုတိုက်ခိုက်ခံခဲ့ရသောကြောင့် ၈ ဦးသေဆုံးပြီး အခြား ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ရသည်။

ထိုဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သော ပါကစ္စတန်ဒိုင်လူကြီး ရာဇာသည် နှစ်နိုင်ငံယှဉ်ပြိုင်မည့် ယခုပွဲစဉ်၌ ဒိုင်လူကြီး အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

“သီရိလင်္ကာအသင်း လာဟိုးမြို့ကို နောက်တစ်ခေါက်ပြန်လာပြီး ယှဉ်ပြိုင်တဲ့ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက် ရမှာကို တကယ့်ကိုဂုဏ်ယူမိပါတယ်” ဟု သူက ပြောခဲ့သည်။

တာလီဘန်များ၏ ခြုံခုံတိုက်ခိုက်မှုကြောင့် ဘတ်စ်ကားမောင်းသူနှင့် အသင်းတာဝန်ရှိသူများ သေဆုံးခဲ့ရပြီး အခြားဘတ်စ်ကားမောင်းသူတစ်ဦးမှာ ကျည်ဆန်မိုးများကြားမှ ခရစ်ကတ်ကစားသမားများကို ဘေးကင်းရာသို့ ပို့ပေးနိုင်ခဲ့သည့်အတွက် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုခြင်းခံခဲ့ရသည်။

ထိုအဖြစ်အပျက်ပြီးနောက် ၈ နှစ်ခန့်အကြာတွင် သီရိလင်္ကာအသင်းသည် ပါကစ္စတန်နိုင်ငံသို့ လာရောက် ယှဉ်ပြိုင်ကစားမည့် ပထမဦးဆုံးထိပ်သီးအသင်းတစ်သင်း ဖြစ်လာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly