ယီမင်၌ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ ဆိုးရွားနေကြောင်း ကုလသမဂ္ဂအကြီးအကဲပြောကြား

ယီမင်၌ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ ဆိုးရွားနေကြောင်း ကုလသမဂ္ဂအကြီးအကဲပြောကြား

ဆာနာ၊ ယီမင်၊ အောက်တိုဘာ ၂၉၊         ။ ကုလသမဂ္ဂ၏ထောက်ပံ့ကူညီရေး အကြီးအကဲဖြစ်သူ မာ့ခ်လိုးကော့ခ်က ပဋိပက္ခများဖြစ်ပွားနေသော ယီမင် နိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ အလွန်ဆိုးရွားနေကြောင်း သတိပေးပြောကြားခဲ့ပြီး စစ်မက်ဖြစ်ပွားနေသော အဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေစံညွှန်းများကို လိုက်နာကျင့်သုံးကြရန် စနေနေ့က တောင်းဆိုခဲ့သည်။

ယီမင်နိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာပြီး ငါးရက်တာမစ်ရှင်အပြီးတွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာ မှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ဆင်းရဲမွဲတေနေသော အာရပ်နိုင်ငံ ယီမင် အနေဖြင့် နိုင်ငံရေးအခင်းအကျင်းဖြင့် နိုင်ငံအတွင်းရှိ စစ်ပွဲများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ပျက်စီးယိုယွင်းနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ လျင်မြန်စွာပြန့်ပွားနေတဲ့ ကာလဝမ်း ရောဂါအခြေအနေတွေကို ပိုမိုနားလည်သဘောပေါက်ဖို့အတွက် ကျနော်ယီမင်ကို လာခဲ့ရခြင်းဖြစ်ပါတယ်” ဟု လိုးကော့ခ်က ပြောခဲ့သည်။

“လူတွေရဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခုလိုအကျိုးဆက်တွေကို မြင်တွေ့နေရတာဟာ တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု သူက ဆာနာမြို့မှ မထွက်ခွာမီတွင် သတင်းထောက်များကို ပြောခဲ့သည်။

“နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေစံညွှန်းတွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ အဖမ်းခံထားရသူတွေအပါအဝင် သတင်းသမားအားလုံးကို လေးစားမှုနဲ့ဆက်ဆံဖို့ အဖွဲ့အားလုံးကို ကုလသမဂ္ဂက တောင်းဆိုပါတယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ယီမင်နိုင်ငံခရီးစဉ်အတွင်း၌ လိုးကော့ခ်သည် နိုင်ငံတကာမှအသိအမှတ်ပြုထားသော ယီမင်အစိုးရရုံးစိုက်ရာ အေဒင်မြို့၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သူပုန်များထိန်းချုပ်ထားသော ဆာနာမြို့နှင့် အခြားနယ်မြေများကိုလည်း သွားရောက်လည်ပတ်ခဲ့သည်။

ဆက်လက်ပြီး လိုးကော့ခ်က သူသည် အာဟာရချို့တဲ့နေသော ကလေးငယ်များကို တွေ့ရှိခဲ့ရပြီး လျှပ်စစ်မီးနှင့် ရေမရရှိသော ဆေးရုံများသို့ သွားရောက်ခဲ့ရသလို လပေါင်းများစွာကြာအောင် လစာမရရှိသေးသော ကျန်းမာရေးလုပ်သားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သူ၏ခရီးစဉ်နှင့်ပက်သက်၍ ပြောခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂသည် ယီမင်နိုင်ငံသား ၇ သန်းကျော်ကို တိုက်ရိုက်ထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း ဆက်လက်၍ ပိုမိုထောက်ပံ့သွားဖို့ လိုအပ်ကြောင်း သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly