မြန်မာယူ-၁၉ အသင်း တရုတ်အသင်းကို ထပ်ရှုံးပြီး အာရှခြေစစ်ပွဲ ကျရှုံးပြီ

မြန်မာယူ-၁၉ အသင်း တရုတ်အသင်းကို ထပ်ရှုံးပြီး အာရှခြေစစ်ပွဲ ကျရှုံးပြီ
ဓာတ်ပုံ - MFF

 

အောက်တိုဘာ ၂၈၊ ကမ္ဘောဒီးယား ။               ။ မြန်မာယူ-၁၉ အသင်းသည် အာရှဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သောပွဲစဉ်တွင် တရုတ်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ယခုပွဲစဉ်တွင် တရုတ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် ရူဖန်က သွင်းယူပေးခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုခြေစစ်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန်အတွက် ပြိုင်ပွဲမတိုင်မီက ဂျပန်နိုင်ငံအထိသွားရောက်ပြီး လေ့ကျင့် ခြေစမ်းခဲ့သည့် အသင်းဖြစ်သည်။

ခြေစစ်ပွဲပထမဆုံးပွဲတွင် ဖိလစ်ပိုင်ကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယခုတရုတ်အသင်းကို ထပ်မံရှုံးခဲ့ရသည့်အတွက် မြန်မာအသင်းသည် ကမ္ဘောဒီးယားနှင့်ဖိလစ်ပိုင်တို့ပွဲမကန်မီမှာပင် ခြေစစ်ပွဲ ကျရှုံးရန် သေချာသွားခဲ့ရသည်။

ယခုခြေစစ်ပွဲမှာ လေးသင်းတွင် ၂ သင်း ခြေစစ်ပွဲအောင်မြင်ဖြစ်သည့်အတွက် မြန်မာယူ-၁၉ အသင်းကို ပရိသတ်များက များစွာမျှော်လင့်ခဲ့ကြသော်လည်း ခြေစစ်ပွဲကျရှုံးခဲ့ရသည်။ ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့သည့်ပွဲကတည်းက မြန်မာယူ-၁၉ အသင်းကို ပရိသတ်များက အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly