လွတ်လပ်ရေးကြေညာခဲ့သော ကတ်တာလိုးနီးယားဒေသ အာဏာပိုင်များကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စပိန် ထုတ်ပြန်

လွတ်လပ်ရေးကြေညာခဲ့သော ကတ်တာလိုးနီးယားဒေသ အာဏာပိုင်များကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စပိန် ထုတ်ပြန်

 

အောက်တိုဘာ ၂၈ ။                  ။ ကတ်တာလိုးနီးယားဒေသ ပါလီမန်အမတ်များက ၎င်းတို့၏ ဒေသကို စပိန်မှခွဲထွက်ပြီး သီးခြားနိုင်ငံအဖြစ် ရပ်တည်ရန် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်က ပါလီမန်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ကြသည်။

အဆိုပါ လွတ်လပ်ရေးကြေညာချက်ထွက်ပေါ်လာပြီး အချိန်အနည်းငယ်အတွင်းမှာပင် စပိန်အစိုးရက ယင်းကြေညာချက်ကို လုံ့၀ လက်မခံဘဲ ကတ်တာလိုးနီးယားဒေသ ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် တစ်ဆက်တည်းမှာပင် ယင်းဒေသခေါင်းဆောင်များကို တာဝန်မှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် အဆိုပါ ကတ်တာလိုးနီးယားဒေသအတွက် ရွေးကောက်ပွဲများကို အသစ်ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း စပိန်ခေါင်းဆောင်များက ပြောသည်။

ကတ်တာလိုးနီးယားဒေသကို စပိန်မှခွဲထွက်ပြီး သီးခြားနိုင်ငံအဖြစ် ရပ်တည်ကြောင်း တစ်ဘက်သက် ကြေညာချက်ထွက်ပေါ်ခဲ့ပြီးနောက် စပိန်အစိုးရက အရေးပေါ် အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရပြီး ယင်းနောက်ခဏအတွင်းမှာပင် စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျိုင်းက ၎င်းအနေနဲ့ ကတ်တလန် ခွဲထွက်ရေးခေါင်းဆောင် ကားလက်စ် ပွေဒီမွန့် နှင့် ၎င်း၏ အမှုဆောင်အရာရှိတို့ကို တာဝန်ကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေညာသွားသည်။

ဒါ့အပြင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့် ကတ်တာလိုးနီးယားဒေသအပေါ် စပိန်အစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ခွင့် ပြဌာန်းအုပ်ချုပ်သွားရေးနှင့်စပ်လျင်း၍လည်း စပိန်ဆိနိတ်လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

ယခုလို အကျပ်အတည်းအောက် ကျရောက်လာနေစဉ် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် ယင်းဒေသ ရွေးကောက်ပွဲများကို လာမည့် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း စပိန်အစိုးရက ကြေညာသွားသည်။

ယခုကဲ့သို့ စပိန်အစိုးရဘက်က တားမြစ်ထားသည့်ကြားကနေ ကတ်တာလိုးနီးယားဒေသ လွတ်လပ်ရေးကြေညာချက်ထွက်ပေါ်လာခဲ့သည့် အခြေအနေကြောင့် ယင်းနိုင်ငံ၏ အကျပ်အတည်းမှာလည်း ပိုမိုအရှိန်မြင့်သထက် မြင့်လာနေခဲ့ပြီး ယခုအခါ ဥရောပဒေသတစ်ခုလုံးကိုပါ ရိုက်ခတ်မှုများ သက်ရောက်လာနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly