စဉ့်ကိုင်ဆုတောင်းပွဲဓာတ်ပုံများအား လူမှုကွန်ယက်တွင် မမှန်မကန်တင်သူများကို စုံစမ်းအရေးယူမည်

စဉ့်ကိုင်ဆုတောင်းပွဲဓာတ်ပုံများအား လူမှုကွန်ယက်တွင် မမှန်မကန်တင်သူများကို စုံစမ်းအရေးယူမည်
photo ဦးလှိုင်ဝင်း

ရန်ကုန် အောက်တိုဘာ ၂၇ ။          ။ လူမှုကွန်ယက်အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် စဉ့်ကိုင်မြို့ဆုတောင်းပွဲနှင့်ပတ်သက်သည့် ဓာတ်ပုံများမှာ NLD ပါတီအပေါ် လုပ်ကြံတိုက်ခိုက်ခြင်းသာဖြစ်ပြီး၊ ယင်းသို့ အင်တာနက်၊ လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ဖြန့်ဝေခဲ့သူများကို တရားဥပဒေအရ အရေးယူရန် စီစဉ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ယနေ့အောက်တိုဘာ ၂၇ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့၊ ညနေပိုင်းက မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ ဘာသာပေါင်းစုံဆုတောင်းပွဲတွင် ကိုရင်လေးများ ကြမ်းပြင်ပေါ်တွင် သီတင်းသုံးနေရသည့်ဓာတ်ပုံများ လူမှုကွန်ယက်အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်း ကိစ္စနှင့်ပတ်သက်၍ စဉ့်ကိုင်မြို့တွင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး မဇ္ဈိမသို့ ပြောခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့က ဓာတ်ပုံကိစ္စကို မမှန်မကန်တင်တဲ့ သူတွေကို လေ့လာပြီးတော့ စုံစမ်းနေပါတယ်၊ စုံစမ်း ပြီးတော့ လက်ရှိတည်ဆဲဥပဒေနဲ့အညီအရေးယူဖို့ လည်း စီစဉ်နေပါတယ်" ဟု လွှတ်တော်ကိုယ်စား လှယ် ဦးလှိုင်ဝင်းက ပြောသည်။

အခမ်းအနားမစမီ ကိုရင်ငယ်အပါး ၁၀၀ ခန့်က ရုတ်တရက် ကြွလာခဲ့ကြသည့်အတွက် ပွဲစီစဉ်သူများက ထိုင်ခုံများစီစဉ်ပေးနေသည့်အချိန်တွင် ကိုရင်ငယ်များက တွေ့သည့်နေရာဝင်ထိုင်ခြင်းဖြစ်ကြောင်း၊ ပွဲစီစဉ်သူများအနေဖြင့်လည်း ထိုသို့ထိုင်စေလိုသော စိတ်ဆန္ဒလုံးဝမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။

" ကိုရင်ငယ်လေးတွေအပါး ၁၀၀ အတွက်ကို ထိုင်ခုံတွေ သွားသယ်ပေးနေရတယ်၊ အဲဒီတော့ ကိုရင်ငယ်လေး တွေက အောက်မှာထိုင်ကြရတယ်ပေါ့၊ ထိုင်ဖြစ်သွားကြတယ်ပေါ့၊ သို့သော် ကျွန်တော် တို့က စီစဉ်ပေးခဲ့ ကြတယ်နော်၊ အခမ်းအနားမစခင် စီစဉ်ပေးခဲ့ကြတယ်၊ အဲဒီအချိန်မှာ ဒီဓာတ်ပုံတွေ ထွက်လာတယ်၊ အဲဒီအချိန် အခိုက်အတန့်လေးအတွင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တယ်၊ ဒါကြောင့်မို့ အဲဒီအခိုက်အတန့်လေးအတွက် တောင်းပန်တာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘာသာပေါင်းစုံဆုတောင်းပွဲကြီးလုပ်နေတာ လုပ်ရင်းလုပ်ရင်း မှားသွားလို့ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံပြီးတောင်းပန်တာ မဟုတ်ဘူး" ဟု ဦးလှိုင်ဝင်း က ပြောသည်။

ကိုရင်ငယ်များသည် စဉ့်ကိုင်မြို့နယ်၊ ရန်ကင်းကျောင်းတိုက်မှ တိုင်းရင်းသားစစ်ဘေးရှောင် ကိုရင်ငယ်လေး များဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကြီးက စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို စဉ့်ကိုင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly