ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့ အသံတွေပါ၀င်တဲ့ ပန်းချီပြပွဲ

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့ အသံတွေပါ၀င်တဲ့ ပန်းချီပြပွဲ

အောက်တိုဘာ ၂၇ ။           ။ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အဆင့်တိုင်းမှာ တိုးတက်လာစေဖို့၊ ပြည်သူလူထုရဲ့စိတ်ဝင်စားမှုနဲ့ ထောက်ခံမှုရရှိဖို့၊ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့အသံတွေလည်း ပါဝင်ဖု့ိအတွက် Voice of 21 women for Peace ဆိုတဲ့ ပန်းချီပြပွဲတစ်ခု ပြုလုပ်လိုက်ပါတယ်။

"ဒီပြပွဲလေးရဲ့ရည်ရွယ်ချက်တော့ အဓိကပေါ့နော် ။ Main Theme ကတော့ ကျွန်တော်တို့ သုံးခုရှိတယ် ။ ပထမတစ်ခုက ကျွန်တော့တို့ အမျိုးသမီးတွေရဲ့ပါဝင်မှုတွေ Level တိုင်း အဆင့်တိုင်းမှာ တိုးတက်ဖို့ အဲ့ဒါက တစ်ခုပါ ။ လူထုပြည်သူရဲ့ စိတ်ဝင်စားမှုနဲ့ အမျိုးသမီးတွေအပေါ်မှာ ကိုယ်စားပြုထောက်ခံမှုတွေဖို့အတွက် အဲ့ဒါက နံပါတ်နှစ်အချက်ပါ ။ နောက်တစ်ခုကကြတော့ အရပ်ဘက်အဖွဲ့အစည်းတွေက ၂၀၁၇ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပြည်တောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အသံ ဝင်ရောက်ဆွေးနွေးခွင့်မရခဲ့ဘူး။  အဲ့တော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံထွက်ခွင့်ကို   တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအမျိုးသမီး ၂၁ ယောက်ကနေ ဦးဆောင်ပြီးတော့ပေါ့နော်။ ဒီအမျိုးသမီးတွေရဲ့ အသံထွက်လာနိုင်အောင်လို့ အဲ့ရည်မှန်းချက် ၃ ခုနဲ့ စပြီး ကျင်းပခဲ့တာပါ။"လို့ The Crown Women Leadership School ရဲ့ တည်ထောင်သူ ဒေါ်ထားထားသက်က ပြောပါတယ်။

ပြပွဲမှာ အမျိုးသမီး ပန်းချီဆရာမ ၂၁ ဦးက တစ်ဦးကို ပန်းချီတစ်ကားနှုန်းနဲ့ပါဝင်ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတို့ရဲ့ ဘဝသရုပ်ဖော်ပန်းချီကား ၂၁ ချပ်ကို ပြသခဲ့ပါတယ်။ အဲ့ဒီပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေ ထဲက ၁၅ ချပ်ခန့်ကို လက်ရှိ ပန်းချီပညာနဲ့ အသက်မွေးနေတဲ့ ဆရာမတွေက ရေးဆွဲထားတာဖြစ်ပြီး ကျန်တဲ့ ပန်းချီကားတွေကိုတော့ ယဉ်ကျေးမှုကျောင်းဆင်း အနုပညာကျောင်းဆင်း တက်သစ်စ ပန်းချီဆရာမတွေက ရေးဆွဲထားကြပါတယ်။

"ဒီအမျိုးသမီးတွေ ၂၁ ယောက်ပေါ့နော်။ အားလုံး စုစုစည်းစည်း ပြတဲ့အတွက်ပေါ့နော်။ ကိုယ့်ပန်းချီအနေနဲ့ရော အမျိုးသမီးတွေအနေနဲ့ရော ငြိမ်းချမ်းရေးအတွက်ကို တစ်ဖက်တစ်လမ်းကနေ အားဖြည့်ရာရောက်တယ်လို့ ထင်ပါတယ်ရှင့်" လို့ ပန်းချီဆရာမ နုနုက ပြောပါတယ်။

ပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းပေါ်က Gallery 65 မှာ ပြသခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly