အောက်တိုဘာ ၂၇၊ အင်္ဂလန် ။ ။ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူရန် မန်ယူသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း တိုက်စစ်မှူးအီဗရာဟီမိုဗစ်ချ်က ပြောဆိုလိုက်သည်။
အသက် ၃၆ နှစ်အရွယ်ရှိ မိုဗစ်ချ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအတွက် ၄၆ ပွဲတွင် ၂၈ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်သည်။ သို့သော် အန်ဒါလက်ချ်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီးနောက် မန်ယူ၏လက်ကျန်ရာသီပွဲအားလုံးကို လွဲချော်ခဲ့ရသည်။
ယခုမိုဗစ်ချ်မှာ ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာခြင်းကြောင့် မန်ယူအသင်းက ၁ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
“ကျွန်တော်စထားတဲ့အရာကို အဆုံးသတ်ဖို့ ပြန်လာခဲ့တာပါ။ ပထမဆုံးရာသီမှာ အရာရာအားလုံးကို ကျွန်တော်တည်ဆောက်ခဲ့ပါတယ်။ ဆုဖလားသုံးလုံးရယူနိုင်ခဲ့ပေမယ့် ကျွန်တော်အဆုံးသတ်ချင်သလို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ရာသီအစမှာ အကောင်းဆုံးစတင်ခဲ့ပြီးမှ အဲ့ဒီလိုပုံစံနဲ့ ဘယ်သူမှ အဆုံးမသတ်ချင်ပါဘူး။ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်ဖလား ရယူဖို့ပါ။ ဒါက ကျွန်တော့်အတွက် အဆုံးသတ်ရည်မှန်းချက်ပါပဲ” ဟု မိုဗစ်ချ်က အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီနှင့်တွေ့ဆုံချိန်တွင် ပြောဆိုခဲ့သည်။
ထို့အပြင် အီဗရာဟီမိုဗစ်ချ်က ၎င်းအနေဖြင့် ယခုလောက် အချိန်ကြာမြင့်စွာနားရသည့် ဒဏ်ရာမျိုးမရခဲ့ဖူးသည့်အတွက် ယခုပြန်လည် ဘောလုံးကစားရခြင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ရည်ညွှန်း စကိုင်းစပို့