အောက်တိုဘာ ၂၇၊ စပိန် ။ ။ လာမည့်ရာသီသစ်တွင် လာလီဂါပြိုင်ပွဲများ၌ ဗီဒီယိုနည်းပညာ Video Assistant Referee(VAR) အသုံးပြုတော့မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်သည်။
စပိန်ဘောလုံးအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဂျူအန်လူးဝစ္စလာရီရာက ၂၀၁၈-၁၉ ရာသီ၌ ဗီဒီယိုနည်းပညာကို အသုံးပြုတော့မည်ဖြစ်ကြောင်း ပြောသည်။
“လာမယ့်ရာသီသစ်မှာ ဗီဒီယိုနည်းပညာအသုံးပြုတော့မှာပါ။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ။ အခုဆိုရင် နည်းပညာက ဘောလုံးလောကထဲကို ဝင်ရောက်လာပါပြီ။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်” ဟု လာရီရာက ဆိုသည်။
ဂိုး ဝင်,မဝင်၊ အနီကတ်၊ ပင်နယ်တီဆုံးဖြတ်ချက်များ မှန်၊ မမှန်ကို ဗီဒီယိုလက်ထောက်ဒိုင်လူကြီးက အကူအညီပေးမည်ဖြစ်သည်။ လာမည့်ရာသီတွင် လာလီဂါပွဲပေါင်း ၇၀ ကျော်၌ ဗီဒီယိုနည်းပညာသစ်ကို အသုံးပြုသွားမည် ဖြစ်သည်။
စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါပြိုင်ပွဲများတွင်လည်း လာမည့်ရာသီသစ်တွင် ဗီဒီယိုနည်းပညာသစ်ကို အသုံးပြုသွားမည် ဖြစ်သည်။
ရည်ညွှန်း sportsmole