အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို တူရကီ ပြန်လွှတ်ပေး

အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို တူရကီ ပြန်လွှတ်ပေး

 

အောက်တိုဘာ ၂၆ ။                 ။ တူရကီနိုင်ငံ၌ အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူရှစ်ဦးကို ပြန်လွှတ်ပေးရန် တရားရုံးတစ်ခုက အောက်တိုဘာလ ၂၅ ရက်တွင် ဆုံးဖြတ်ပေးလိုက်ကြောင်း သိရသည်။ အကျဉ်းကျနေသည့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International မှ ဒါရိုက်တာတစ်ဦးအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူ ရှစ်ဦးတု့ိ ယခုအခါ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

ယင်းနေ့ မနက်အစောပိုင်းက အစ္စတန်ဘူလ်မြို့အနီး အကျဉ်းထောင်တစ်ခုမှ ပြန်လည်လွတ်မြောက်လာသော အဆိုပါ လူ့အခွင့်အရေးလှုပ်ရှားသူများကို ၎င်းတို့အပေါ်ထောက်ခံသူများ၊   ဆွေမျိုးမိသားစုများက ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုခဲ့ကြသည်။

ယင်းနိုင်ငံတွင် အများပြည်သူကို အထိတ်တလန့် ဖြစ်စေမှု စွဲချက်များဖြင့် အမှုရင်ဆိုင်နေခဲ့ရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၁၁ ဦးအနက်တို့မှ ယခုအခါ နိုင်ငံခြားသားနှစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးကို ပြန်လွှတ်ဖို့ ယမန်နေ့ အောက်တိုဘာ ၂၅ ရက်က တူရကီတရားရုံးတစ်ခုက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ဒီလိုပဲ လွတ်မယ်ဆိုတာ ကျွန်တော်အစောကြီးကတည်းက သိနေခဲ့ပါတယ်၊ ခုကျတော့ အရမ်းပဲ ပျော်မိပါတယ်၊ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် အမြဲထောက်ခံပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်" ဆိုပြီး ပြန်လွတ်လာသည့် ဂျာမန်တက်ကြွလှုပ်ရှားသူ ပီတာ စတီယူနာက ပြောသည်။

စတီယူနာ ထိန်းသိမ်းခံရစဉ်ကလည်း တူရကီနှင့် ဂျာမနီတို့အကြား သံတမန်တင်းမာမှု ပေါ်ပေါက်ခဲ့ပြီး ၎င်းစွဲချက်တင်ခံရမှုကိစ္စမှာ လက်ခံစရာမရှိကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာ ဂါဘရီယယ်က ပြောထားခဲ့သေးသည်။

ယခု  လူ့အခွင့်အရေးလှုပ်ရှားသူများမှာ ပြီးခဲ့သည့် ဇူလိုင်လက အစ္စတန်ဘူလ်အနီး ကျွန်းတစ်ခု၌ Amenesty အဖွဲ့ဦးဆောင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တက်ရောက်စဉ် တူရကီရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ယင်းဖမ်းဆီးအရေးယူမှုနှင့်စပ်လျင်း၍ အနောက်အုပ်စုနိုင်ငံများက ပြင်းထန်စွာ ဝိုင်းဝန်းပြစ်တင်ထားခဲ့ကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ၁၁ ဦးအုပ်စု၏ အမှုကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်က တရားရုံးတွင် ကြားနာစစ်ဆေးခဲ့ပြီးနောက် အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်နှင့်အတူ ရှစ်ဦးပြန်လည်လွတ်မြောက်လာခဲြ့ခင်းဖြစ်သည်။ သို့သော် Amnesty အဖွဲ့၏ တူရကီနိုင်ငံဆိုင်ရာ ဥက္ကဌဖြစ်သူ တာနာ ကီလစ်ကတော့ ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly