ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း အဆာမိုဂျန် ကိုယ်ပိုင်လေကြောင်းလိုင်းထောင်

ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း အဆာမိုဂျန် ကိုယ်ပိုင်လေကြောင်းလိုင်းထောင်

အောက်တိုဘာ ၂၆၊ ဂါနာ။            ။ ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း အဆာမိုဂျန်သည် ဘဝသစ်ကို ကိုယ်ပိုင်လေကြောင်းလိုင်းတည်ထောင်ပြီး စတင်လိုက်ပြီ ဖြစ်သည်။

ဘေဘီဂျက်ဟု နာမည်ပြောင်ရသည့် ဂါနာတိုက်စစ်မှူးသည် ၂၀၁၀ တွင် ဆန်းဒါးလန်းအသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်သော ပေါင် ၁၃ သန်းဖြင့် ရန်းနက်စ်အသင်းမှ   ပြောင်းလာခဲ့သူဖြစ်သည်။

ယူအေအီးကလပ် အယ်လ်အိန်းအတွက်လည်း ၃၇ ပွဲကစားပြီး ၁၁ ဂိုးသွင်းပေးခဲ့သည်။ ယင်းနောက် တရုတ်ကလပ် ရှန်ဟိုင်း အက်စ်အိုင်ပီဂျီ၊ ဇူလိုင်တွင် တူရကီကလပ် ကေဆီရီစပေါအသင်းသို့ပြောင်းရွှေ့ခဲ့သည်။

အသက် ၃၁ နှစ်အရွယ် အဆာမိုဂျန်ကို ၎င်း၏နာမည်ပြောင်ဖြစ်သော ဘေဘီဂျက်အမည်ဖြင့် လေကြောင်းလိုင်းတည်ထောင် ခွင့်ပြုလိုက်ပြီဟု ဂါနာသမ္မတ နန်နာ အကူဖိုအက်ဒိုက ပြောသည်။

ဂါနာတွင်ပြုလုပ်သည့် ၂၀၁၇ အာဖရိကလေကြောင်းပြပွဲတွင် အကူဖိုအက်ဒိုက “ကျွန်တော်တို့ လက်ရွေးစင်ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ပတ်သက်ပြီး သတင်းကောင်းတစ်ခုပြောပြစရာရှိပါတယ်။

အဆာမိုဂျန်ဟာ လေကြောင်းလိုင်းလုပ်ကိုင်ခွင့်လိုင်စင်ရသွားပါပြီ။ ဘေဘီဂျက်လို့အမည်ရတဲ့ လေကြောင်းလိုင်းတစ်ခုကို သူတည်ထောင်ပါလိမ့်မယ်။

သူ့ရဲ့လုပ်ငန်းမှာ ပူးပေါင်းရင်းနှီးမြှုပ်နှံကြဖို့ ပြည်တွင်းကနိုင်ငံသားတွေအပြင် ပြည်ပရောက်နိုင်ငံသားတွေကိုလည်း တိုက်တွန်းလို ပါတယ်”ဟု ပြောသည်။

ဂျန်၏ကုမ္ပဏီအနေဖြင့် ခရီးသည်ပို့ဆောင်သည့် ဝန်ဆောင်မှုအဖြစ်တိုးချဲ့လုပ်ကိုင်ခြင်းမရှိမီ ကုန်စည်ပို့ဆောင်ခြင်းကို ဦးစွာလုပ်ဆောင်လိမ့်မည်ဟု ဂါနာမီဒီယာများက သုံးသပ်နေကြသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags