မောင်တောဒေသ ကျေးရွာနေအိမ်များ ပြန်ဆောက်ပေးရေး ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် တွေ့ဆုံ

မောင်တောဒေသ ကျေးရွာနေအိမ်များ ပြန်ဆောက်ပေးရေး ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် တွေ့ဆုံ
ဓာတ်ပုံ - စိုးသူရ

 

အောက်တိုဘာ ၂၆ ။                       ။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများအတွက် ကျေးရွာများနှင့် အိုးအိမ်များ ပြန်တည်ဆောက်ပေးရေးအတွက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်က ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN-HABITAT မှ Senior Human Settlements Officer ဖြစ်သူ Mr.Bruno Dercon ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
ခဲ့ခြင်း ဖြစ်သည်။

မောင်တောဒေသရှိ မီးလောင်ပျက်စီးသွားသော တိုင်းရင်းသားနှင့် မွတ်ဆလင်များ၏ ကျေးရွာများကို ပြန်ဆောက်ရာတွင် ကျေးရွာ အင်္ဂါရပ်နှင့် ညီညွတ်စွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် UN-HABITAT ကဲ့သို့ အဖွဲ့အစည်းကို ဖိတ်ခေါ်ဆွေးနွေးခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါတွေ့ဆုံမှုသည် အစိုးရမှ ဖွဲ့စည်းပေးထားသော UEHRD၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် အပါအဝင် ဖြစ်သော ကျေးရွာများ   ပြန်တည်ဆောက်ပေးရေးအတွက် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော UEHRD၏ အဓိကရည်ရွယ်ချက်များမှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အချိန်ကာလအလိုက် ထိရောက်စွာ
အကောင်အထည်ဖော်ဆောင်ရေးတို့ဖြစ်ပြီး UEHRD ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖေါ်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ
ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက UN-HABITAT အဖွဲ့မှ တာဝန်ရှိသူများနှင့် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးသွားရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly