ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် KIO က ထပ်မံ ပြောဆို

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် KIO က ထပ်မံ ပြောဆို

 

အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                  ။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပြဿနာများ အားလုံး ဖြေရှင်းရန်အတွက် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်း တစ်ခုတည်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ထပ်မံပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သော KIO ဖွဲ့စည်းခဲ့သည့် ၅၇ ကြိမ်မြောက်နေ့တွင်ထုပ်ပြန်သော KIO ဥက္ကဌ ဦးလယောက်ဇောင်းဟရား၏ မိန့်ခွန်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

“နိုင်ငံရေးနည်းလမ်းဖြင့်သာ ပြဿနာအားလုံး အဖြေကောင်းထွက်နိုင်မယ်”ဟု မိန့်ခွန်းတွင် ကချင်ဘာသာဖြင့် ဖော်ပြထားသည်။

 ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခဲ့သည့် ၅၇ ကြိမ်မြောက်နေ့အဖြစ် ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် ဌာနဆိုင်ရာ အသီးသီးတွင် ဆုတောင်းခြင်း၊ KIO ဥက္ကဌ ၏ မိန့်ခွန်းများ ဖတ်ကြားခြင်းဖြင့် အခမ်းအနားများ ကျင်းခဲ့သည်။

“ခေါင်းစဉ်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီဘဲ။ အစိုးရပြောတဲ့ နိုင်ငံရေးက NCAအတိုင်း၊ NCA လမ်းကြောင်းက လွဲပြီး တခြားမရှိဘူးဆိုတာက သူတို့ နိုင်ငံရေးစကားဘဲ။ ဒါပေမဲ့ လက်တွေ့က တိုက်ပွဲဖြစ်နေတယ်။ ကျနော်တို့ ပေါ်လစီက နိုင်ငံရေးနဲ့ဆွေးနွေးမယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီ လက်ကိုင်ထားပါတယ်”ဟု KIO အရာရှိ တစ်ဦးက ပြောသည်။

 KIO ကို နိုင်ငံရေး တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက်ကြွေးကြော်၍ ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၆၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်နက်ကိုင် အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ယခင်အစိုးရနှင့် KIO တို့အကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ၁၇ နှစ်ကြာပြီး ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly