ဂျပန်မှာ ရှစ်နှစ်အတွင်း ဖောက်ထွင်းမှုပေါင်း ၂၅၄ ခု အထိ ကျူးလွန်ခဲ့တဲ့ အသက် ရ၄ နှစ်အရွယ် တစ်ကိုယ်တော်ဖောက်ထွင်းဝိဇ္ဇာတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းမိ

ဂျပန်မှာ ရှစ်နှစ်အတွင်း ဖောက်ထွင်းမှုပေါင်း ၂၅၄ ခု အထိ ကျူးလွန်ခဲ့တဲ့ အသက် ရ၄ နှစ်အရွယ် တစ်ကိုယ်တော်ဖောက်ထွင်းဝိဇ္ဇာတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းမိ

 

အောက်တိုဘာ ၂၅ ။               ။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်းမှာ ဖောက်ထွင်းမှု အကြိမ်ပေါင်း ၂၅၀ ကျော်ထိ ကျူးလွန်ထားခဲ့တဲ့ တစ်ကိုယ်တော်ဖောက်ထွင်းဝိဇ္ဇာတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ယခုနောက်ဆုံးမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စီစီတီဗီမှတ်တမ်းတွေထဲမှာ အနက်ရောင် နင်ဂျာပုံစံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦး အုတ်တံတိုင်းနံရံတွေကို ဖျတ်ဖျတ်လတ်လတ် ကုတ်တက်ကျော်လွှားပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်ထားခဲ့တာကို တွေ့ရှိထားရပြီးတဲ့နောက် ယခု ၎င်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းမိချိန်မှာတော့ သူဟာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်နေတာကို အံ့အားတကြီး တွေ့ရှိခဲ့ရပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်း မကြာခဏဆိုသလို ဖြစ်နေခဲ့တဲ့ ဖောက်ထွင်းမှုတွေက အိုဆာကာမြို့အနောက်ပိုင်းက ရဲတွေကို အလုပ်များစေခဲ့ပါတယ်။ ယင်းနောက် ဖောက်ထွင်းခံရတဲ့ အဆောက်အအုံတွေက လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်ကြည့်ရာမှာတော့ သွက်လပ်ချက်ချာတဲ့ သူခိုးတစ်ဦးက မျက်နှာဖုံးစွပ်၊ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ကျူးလွန်သွားတာတွေကို တွေ့ရှိခဲ့ရပါတယ်။

" ဒီလူက နင်ဂျာလိုမျိုး တစ်ကိုယ်လုံး အနက်ရောင် ဝတ်ထားတာကိုတွေ့ခဲ့ရတယ်" လို့ ကာဝါချီ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုလို နှစ်တွေအကြာကြီး ရဲတွေကို မျက်စိလည်စေပြီး ဖောက်ထွက်မှုတွေကို ပိပိရိရိ ကျူးလွန်နေခဲ့တဲ့ အဆိုပါ ဖောက်ထွင်းအဘိုးအိုကတော့ ပြီးခဲ့တဲ့ မေလတုန်းက အမှားတစ်ခုကို လုပ်မိသွားခဲ့ပါတယ်။ ယင်းအချိန်ကလုပ်ခဲ့တဲ့ ဖောက်ထွင်းမှုတစ်ခုမှာ သူဟာ မျက်နှာဖုံး ကွာကျသွားခဲ့လို့ သူ့မျက်နှာကို ကင်မရာမှာ ဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ရဲတွေက ၎င်းအမျိုးသားဟာ ယခင်ကလည်း ခိုးမှုမှတ်တမ်းတွေ ရှိထားဖူးခဲ့တဲ့ အသက် ၇၄ နှစ်ရှိ မီဆူကီ တန်နီဂါဝါ ဆိုသူ ဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ၎င်းနောက်ကို ရဲတွေက ခြေရာခံလိုက်ပြီး စောင့်ကြည့်ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

" သူက မှောင်ချိန်ကျမှ အလုပ်ထွက်လုပ်တာပါ၊ တစ်ကိုယ်လုံးကိုလည်း အနက်ရောင်ဝတ်ထားတယ်၊ ရိုးရိုးလမ်းတွေကို သူမရွေးဘူး၊ အိမ်ကြိုအိမ်ကြားလမ်းကျဉ်းတွေကနေပဲ သူသွားလာလှုပ်ရှားခဲ့ပါတယ်" ဆိုပြီး ကာဝါချီ ရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

ယင်းနောက် ၎င်းဖောက်ထွင်းဝိဇ္ဇာ အီလက်ထရောနစ်ဆိုင်တစ်ခုကို ဖောက်ထွင်းပြီး ပြန်အလာ မနက်ဘက်အာရုံတစ်ခုမှာ ရဲတွေက စောင့်ဖမ်းခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ရှစ်နှစ်အတွင်း ဖောက်ထွင်းမှု ၂၅၄ ခု ကျူးလွန်ပြီး စုစုပေါင်းတန်ဖိုး ယန်း သန်း ၃၀ ကျော် ခိုးယူခဲ့မှုနဲ့ ၎င်းအဘိုးအိုကို တရားစွဲဆိုထားလိုက်ပြီ ဖြစ်ပါတယ်။

၎င်း ရဲ့ ဝန်ခံထွက်ဆိုချက်အရ သူ့အနေနဲ့ အိမ်တစ်အိမ်ထဲ ဝင်ဖို့ အချိန် ဆယ်မိနစ်ပဲ လိုကြောင်း၊ အိမ်ထဲမှာ လူတွေအိပ်ပျော်နေချိန်မှာ ငွေကိုသာ အဓိကထားပြီး ယူကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly