ကွန်ဂရက်အဆောက်အအုံကို ရောက်လာတဲ့ သမ္မတထရမ့်ကို ဆန္ဒပြသူတစ်ဦးက ရုရှအလံငယ်တွေနဲ့ပစ်ပေါက်

ကွန်ဂရက်အဆောက်အအုံကို ရောက်လာတဲ့ သမ္မတထရမ့်ကို ဆန္ဒပြသူတစ်ဦးက ရုရှအလံငယ်တွေနဲ့ပစ်ပေါက်

 

အောက်တိုဘာ ၂၅ ။          ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန္ဒပြအမျိုးသားတစ်ဦးက ရုရှအလံငယ်တွေနဲ့ ပစ်ပေါက်အနှောက်အယှက်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းနေ့က ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ နေ့လည်စာ စားဖို့ ကွန်ဂရက်အဆောက်အအုံကို ရောက်လာတဲ့ ထရမ့်ကို အဆိုပါ ဆန္ဒပြအမျိုးသားက အလံနဲ့ ပစ်ပေါက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်သလို ထရမ့်ကိုလည်း နိုင်ငံတော်သစ္စာဖောက်ဆိုပြီး ထပ်တလဲလဲ အော်ဟစ်ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ် ဖြစ်ပွားချိန်က ၎င်းအမျိုးသားဟာ ထရမ့်နဲ့ မီတာအနည်းငယ်အကွာမှာ ရှိနေခဲ့သူဖြစ်ပြီး ဆိနိတ် စကြံၤဝင်းတစ်ခုအတွင်း အသင့်စောင့်ဆိုင်းနေတဲ့ သတင်းထောက်တစ်စုအကြားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ အလံနဲ့ ပစ်ပေါက်ခဲ့တဲ့ ၎င်းအမျိုးသားကိုတော့ ထရမ့်က လျစ်လျူရှုခဲ့ပြီး လက်မထောင်ပြသွားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းအမျိုးသားကတော့ စြင်္ကံလျှောက်လမ်းအတိုင်း ထွက်လာတဲ့ ထရမ့်ကို ရုရှအလံငယ်တွေနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ၎င်း ပစ်ပေါက်ခဲ့တဲ့ အဖြူနဲ့ အပြာ ရုရှအလံငယ်တွေကတော့ ခြေထောက်နား ဝဲကျခဲ့ပေမယ့် ထရမ့်ကတော့ မသိကျိုးကျွန်ပြုသွားခဲ့ပြီး အတူတွဲလျှောက်လာတဲ့ ဆိနိတ်ခေါင်းဆောင် မစ်ချ် မက်ကောနယ်နဲ့အတူ ပုံမှန်အတိုင်း ဆက်လျှောက်သွားခဲ့ပါတယ်။

" ဒီ သမ္မတက ရုရှအစိုးရအေးဂျင့်တွေနဲ့အတူ ရွေးကောက်ပွဲမှာ ပေါင်းလိမ်ခဲ့သူဗျ" ဆိုပြီး အဆိုပါ ဆန္ဒပြအမျိုးသားက ထရမ့်ထွက်လာချိန် ထပ်ခါတလဲလဲ အော်ပြောခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် ၎င်းကိုတော့ တာဝန်ကျရဲတွေက ထိန်းသိမ်းခေါ်ယူသွားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ယင်းအချိန်က အပတ်စဉ်ကျင်းပမြဲ ရီပတ်ဘလစ်ကန်အမတ်တွေရဲ့ နေ့လည်စာ စားပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly