အသေခံဗုံးခွဲမှုတွင် ပါကစ္စတန်ပြည်နယ် ၀န်ကြီးသေဆုံး

အသေခံဗုံးခွဲမှုတွင် ပါကစ္စတန်ပြည်နယ် ၀န်ကြီးသေဆုံး

အစ္စလာမ်မာဘတ်၊ သြဂုတ်-၁၇ ။          ။ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် စစ်သွေးကြွများအား ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဂိုဏ်းဂဏအုပ်စုဖွဲ့ခြင်းများကို ပိတ်ပင်ရာတွင် ရှေ့တန်းမှ ခေါင်းဆောင်ခဲ့သည့် ပါကစ္စတန် ပြည်နယ်ဝန်ကြီးတစ်ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ အခြားလူ၁၀ဦးလည်း သေဆုံးခဲ့ရပြီး နှစ်ယောက်သုံးယောက်ခန့်လည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

ပန်ဂျပ်ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီးတစ်ဦးဖြစ်သည့် ရှူဂျာ ခန်ဇာဒါ (၇၂နှစ်)မှာ သြဂုတ်လ ၁၆ရက်နေ့ စောစောပိုင်းက ၎င်း၏ဌာနေ အတ်တော့ခရိုင်တွင် နိုင်ငံရေးအစည်းအဝေးတစ်ရပ် ကျင်းပနေချိန် တါင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက အဆောက်အအုံကို ကိုင်လှုပ်ဖြိုချလိုက်သောကြောင့် မစ္စတာ ခန်ဇာဒါအပါအဝင် လူ၇ဦးမှာ အပျက်အစီးများအောက်တွင် ပိတ်မိသွားခဲ့ကြသည်ဟု ဆိုသည်။

ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဆွဲထုတ်ရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသော်လည်း အပျက်အစီးများကို ရှင်းလင်းရန် ကိရိယာမစုံလင်သောကြောင့် ကယ်ဆယ်ရေးလုပ်သားများမှာ အခက်တွေ့နေခဲ့ကြရသည်ဟု ဆိုသည်။

အငြိမ်းစား စစ်တပ်ဗိုလ်မှူးကြီးတစ်ဦးဖြစ်သည့် မစ္စတာ ခန်ဇာဒါမှာ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးတွင် တာဝန်ရှိသူတစ်ဦးပင်ဖြစ်သည်။ လတ်တလောတွင် ဗုံးခွဲတိုက်ခိုက်မှုအတွက် တာဝန်ခံမည့် ပုဂ္ဂိုလ်အဖွဲ့အစည်း ပေါ်ထွက်မလာသေးသော်လည်း အာဏာပိုင်များကမူ ဇူုလိုင်လ ၂၉ရက်နေ့က ပါစ္စတန်၏ နာမည်ဆိုးဖြင့်ကျော်ကြားပြီး ကြောက်စရာအကောင်းဆုံး ဂိုဏ်းဂဏ စစ်သွေးကြွများအနက်မှ တစ်ဦးဖြစ်သူ မာလစ် အစ်ရှပ်ကို ရဲက ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။ မစ္စတာ ခန်ဇာဒါကိုယ်တိုင်မှာလည်း စစ်သွေးကြွများထံမှ အသက်အန္တရာယ် ခြိမ်းခြောက်သည့်စာများကို လက်ခံရရှိထားသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရချိန်တွင် ဝန်ကြီးမှာ မဲဆန္ဒရှင်များ၏ စာနာကြောင်းစကားများကို လက်ခံနေချိန်ဖြစ်သည်ဟု ဆိုသည်။ ‘ပြည်သူတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ရဲ့ ဦးလေးတစ်ဦးသေဆုံး သွားတဲ့အတွက် နှစ်သိမ့်ဖို့ ရောက်လာနေကြတယ်’’ဟု ဝန်ကြီး၏သားဖြစ်သူ ဂျဟန်ဂီရာ ခန်ဇာဒါက ဒေသတွင်းသတင်းထောက်များကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုခံရချိန်တွင် လုံခြုံရေးမှာ လျော့ရဲနေခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများက ထောက်ပြကြသည်။ ဝန်ကြီး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့်သတင်းများကို ရရှိထားသော်လည်း ဝင်လာသည့်ဧည့်သည်များကို လုံခြုံရေးအရ စစ်ဆေးခြင်းများ အပြုလုပ်ခဲ့ဟု ဆိုသည်။ ခန်ဇာဒါ၏ အိမ်မှာလည်း ပြည်သူလူထုများအတွက် အမြဲတန်းတံခါးဖွင့်ထားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ရာနေရာအနီးတစ်ဝိုက်မှ အသေခံဗုံးခွဲသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိရသည်ဟု ပန်ဂျပ်ရဲတပ်ဖွဲ့၏ စုံစမ်းထောက်လှမ်းရေးမှူးချုပ် မက်ရှ်တပ် ဆူခီရာက ပြည်နယ်မြို့တော် လာဟိုးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာဝပ်ရှရစ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီး ရှရစ်တို့က တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ကြပြီး ပါကစ္စတန်အနေဖြင့် စစ်သွေးကြွများနှင့် အစွန်းရောက်ဝါဒကို ဆက်လက်တိုက် ဖျက်သွားမည်ဟုလည်း ကတိပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly