ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသူများကို ကိုဖီအာနန် ကော်မရှင် အကြံပြုချက်များအပေါ် အခြေခံပြီး နေရပ်ပြန်ပို့မည်

ဘင်္ဂလားဒေ့ရှ်သို့ ရောက်နေသူများကို ကိုဖီအာနန် ကော်မရှင် အကြံပြုချက်များအပေါ် အခြေခံပြီး နေရပ်ပြန်ပို့မည်
Photo - Dhakatribune

 

အောက်တိုဘာ ၂၅ ။         ။ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာဘက်ကနေ ရောက်ရှိသွားခဲ့ကြသူတွေကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အဆိုပြုထားတဲ့အချက်ငါးချက်နဲ့ ကိုဖီအာနန် အကြံပေးကော်မရှင်က အကြံပြုချက်တွေအပေါ်မှာ အခြေခံပြီး တော့ မြန်မာနိုင်ငံထဲကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ အောက်တိုဘာ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sharif Mahmood Apu က ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ဦးဆောင်တဲ့ ဆယ်ဦးပါကိုယ်စားလှယ်အဖွဲ့ ဟာ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူတွေကို ပြန်လည် စိစစ်လက်ခံရေးကိစ္စတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

ယခုအစည်းအဝေးအတွင်း ဝန်ကြီး Asaduzzaman Khan Kamal က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ဘင်္ဂလားဒေ့ရှ်ကို လာရောက်လည်ပတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကိုယ်စား ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ယင်းဖိတ်ကြားချက်နဲ့စပ်လျဉ်း၍ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နှစ်နိုင်ငံစလုံးအတွက် သင့်တော်တဲ့အချိန်အခါကျရင် ဘင်္ဂလားဒေ့ရှ်ကို လာရောက်ပါ့မယ်ဆိုပြီး ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုလက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေသူတွေကို အချိန်မှန်ကန်စွာနဲ့ ပြန်မပို့နိုင်ဘူးဆိုရင် ၎င်းတို့ဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သွားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေကြောင်း၊ ဒါက နှစ်ဘက်စလုံးအတွက် ပြဿနာတစ်ခု ဖြစ်လာစေနိုင်ကြောင်း Kamal က အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။

Yaba ဆေးတွေ မှောင်ခိုးကူးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ယင်း Yaba ဆေးဝါးတွေ မှောင်ခိုကူးနေမှုကို တားဆီးဖို့ မြန်မာအနေနဲ့ နယ်စပ်တွေကို ပိတ်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly