ဆီးရီးယားဓာတ်ငွေ့တိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုကိုတိုးချဲ့ဆောင်ရွက်မည့် ကုလ၏ဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံး၍ ရုရှားပယ်ချ

ဆီးရီးယားဓာတ်ငွေ့တိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုကိုတိုးချဲ့ဆောင်ရွက်မည့် ကုလ၏ဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံး၍ ရုရှားပယ်ချ

 

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၂၅ ။              ။ ဆီးရီးယားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ဓာတုဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှု၏ နောက်ကွယ်မှတာဝန်ရှိသူများကို ရှာဖွေ ဖော်ထုတ်ရန်အတွက် စုံစမ်းစစ်ဆေးမှုများအား တစ်နှစ်ထပ်မံတိုးချဲ့ကာဆောင်ရွက်ရန် အဆိုတင်သွင်းခဲ့သည့် အမေရိကန်တို့၏မူကြမ်းအား အင်္ဂါနေ့တွင် ရုရှားတို့ဘက်မှ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

ရုရှားတို့သည် ၎င်းတို့၏မဟာမိတ်ဖြစ်သော ဆီးရီးယားအစိုးရအပေါ် ပစ်မှတ်ထားသည့် အရေးယူဆောင်ရွက် မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ကိုးကြိမ် အထိရှိပြီဖြစ်သည်။

လာမည့်ကြာသာပတေးနေ့တွင် ဆီးရီးယား၌ ဓာတုဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည့်ကိစ္စနှင့်ပက်သက်၍ အစီရင် ခံစာတစ်ခုကို ထုတ်ပြန်မည့် ကုသလသမဂ္ဂ၏ ဓာတုလက်နက်ပူးပေါင်းစုံစမ်းရေးအဖွဲ့ (OPCW) ကို သက်တမ်း တိုးမည့်အစီအစဉ်အား ရုရှားတို့က ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်၏တပ်ဖွဲ့များ သည် ပြီးခဲ့သောဧပြီလ ၄ ရက်နေ့က အစိုးရအတိုက်အခံများနေထိုင်ရာ ကျေးရွာများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် လူပေါင်းများစွာသေဆုံးခဲ့ရကြောင်း စွပ်စွဲလျက်ရှိသည်။

ရုရှားတို့ဘက်မှ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့မှုနှင့်ပက်သက်ပြီး အမေရိကန်သံအမတ် နစ်ကီဟာလေက မော်စကိုအစိုးရသည် ဓာတုလက်နက်များကိုအသုံးပြုခဲ့သော အာဏာရှင်များနှင့် အကြမ်းဖက်သမားများဘက်မှ ထပ်မံရပ်တည်ပေးလျက်ရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်တမ်းဖို့လုပ်ဆောင်ခြင်းအား ရုရှားတို့ကပယ်ချလိုက်တာကို ကြည့်ခြင်း အားဖြင့် ရုရှားအစိုးရဟာ ဒီကမ္ဘာကြီးမှာ ဓာတုလက်နက်တွေအသုံးပြုနေတာကို ရပ်တန့်ပစ်ဖို့လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကို အလေးမထားဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မူကြမ်းတစ်ခုကို သဘောတူလက်ခံပြီး အတည်ပြုဖို့အတွက် မဲအရေ အတွက် ကိုးမဲခန့်လိုအပ်ပြီး ရုရှား၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဗီတိုအာဏာ သုံး၍ ပယ်ချနိုင်ခွင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly