မြိတ်KBZဘဏ် ဓားပြတိုက်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရန် အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိ

မြိတ်KBZဘဏ် ဓားပြတိုက်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရန် အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိ
ဓာတ်ပုံ - အင်တာနက်

 

ရန်ကုန်၊ အောက်တိုဘာလ ၂၅ ။             ။ တနသာၤရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ရှိ KBZ မီနီဘဏ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ဓားပြတိုက် မှုတွင် ကျူးလွန်ခဲ့သူအား ဖမ်းဆီးနိုင်ရန်အတွက် ရဲတပ်ဖွဲ့မှအပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအေးမင်းက ယနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်တွင် မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာလ၊ ၂၄ရက်နေ့ မွန်းလွှဲ ၂နာရီခန့်က မြိတ်မြို့ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်(၁)တွင် Customer တစ်ဦးက ငွေသွင်းမှုပြုလုပ်နေစဉ် ၎င်းယူဆောင်လာသော ငွေကျပ်သိန်း ၂၇ဝ အား လူငယ်တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်လုယူ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကျူးလွန်တဲ့သူကို ဖမ်းဆီးနိုင်ဖို့ လိုက်တုန်းပါပဲ။ စုံးစမ်းဆဲပဲ။ အခြေအနေကတော့ အမှု ကျူးလွန်တဲ့သူကို ပေါ်အောင်လိုက်ရမှာပေါ့။ ကျွန်တော်တို့ တာဝန်ကိုး။ ကျွန်တော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးကြီးရဲ့ အနီးကပ်ကွပ်ကဲမှုနဲ့ ကျွန်တော်ရဲ့ ဦးဆောင်မှုနဲ့ တစ်မြို့နယ်လုံးမှာရှိတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စုံစမ်းဆောင် ရွက်နေပါတယ်။ CID၊ SP အကုန်လုံးပါတယ်။ အကုန်လုံးချိတ်ဆက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ အစွမ်း ကုန်ဆောင်ရွက်နေပါတယ်”ဟု မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအေးမင်းက ပြောသည်။

အဆိုပါ KBZ မီနီဘဏ်ရှိ ကောင်တာပေါ်တွင် တင်ထားသော ငွေထုတ်အား သေနတ်ပြလုယက်ခဲ့သူမှာ ဆိုင်ကယ်ဦးထုပ်အလုံပိတ်ဆောင်းထားပြီး မျက်နှာတွေ့မြင်ရခြင်းမရှိကြောင်း ဘဏ်ရှိ CCTV ကင်မရာ မှတ်တမ်းအရ သိရသည်။

ထိုသို့ သေနတ်ပြ လုယက်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၄ ရက်၊ ညနေပိုင်းတွင်  ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများက မြိတ်မြို့မရဲ စခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး CCTV မှတ်တမ်းများလည်း ပေးအပ်ထားပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly