ထိုင်းပြည်သူတွေအတွက် လွမ်းမောဖွယ်ရာ ဘုရင်ကြီးဘူမိဘော၏ လောင်တိုက်တော် ညမြင်ကွင်း

ထိုင်းပြည်သူတွေအတွက် လွမ်းမောဖွယ်ရာ ဘုရင်ကြီးဘူမိဘော၏ လောင်တိုက်တော် ညမြင်ကွင်း

ဘန်ကောက်၊ အောက်တိုဘာ ၂၄ ။          ။ ထိုင်းပြည်သူတွေ ချစ်မြတ်နိုးကြည်ညိုကြတဲ့ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘောကို အောက်တိုဘာ ၂၆ ရက်မှာ ဈာပနချ မီးသဂြိုလ်မှာ ဖြစ်ပြီး ဘန်ကောက်နန်းတော်ရာ ရှေ့မှာ ရှိနေတဲ့ လောင်တိုက်တော်ဟာ ညမြင်ကွင်းမှာ ရွှေရောင်လွှမ်း ထည်ဝါစွာ ရှိနေပေမယ့် ထိုင်းပြည်သူတွေအတွက်တော့ လွမ်းမောဖွယ်ရာပဲ ဖြစ်ပါတယ်။

ထိုင်းပြည်သူတွေ ဘုရင်ကြီးကို နောက်ဆုံးဖူးမျှော်ခွင့်ရတော့မယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ နိုင်ငံတကာက ဂုဏ်သရေရှိပုဂ္ဂိုလ်တွေလည်း လာရောက်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေညာထားတဲ့ ဈာပနအခမ်းအနားနေ့မှာ ဘုရင်ကြီးရဲ့ ကြွင်းကျန်ရုပ်ကလာပ်တော်ကို မီးသဂြိုလ်မယ့် လောင်တိုက်တော်ကို အချိန် ဆယ်လကျော်ကြာ တည်ဆောက်ခဲ့တာပါ။

ခုဆိုရင် ငါးရက်တာ ကျင်းပမယ့် ဈာပနအခမ်းအနားအတွက် ကြိုတင်ဇာတ်တိုက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဈာပနတော် ချမယ့်နေ့မှာ နန်းတော်ခန်းမှာ ထားရှိထားတဲ့ ဘုရင်ကြီးရဲ့ ရုပ်အလောင်းကို မင်းဆက်အသီးသီး ဈာပနမှာ အသုံးပြုတဲ့ ခေါင်းတလားတော်ယာဉ်ပေါ်တင်ပြီး လောင်တိုက်တော်ဆီ သယ်ယူလာမှာ ဖြစ်ပါတယ်။

ခေါင်းတလားတော်ယာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်ကတည်းက တည်ဆောက်ထားတဲ့ ထီးသုံးနန်းသုံး တော်ဝင်ဈာပနအသုံးအဆောင်ပါ။

လောင်တိုက်တော်မှာဆိုရင်လည်း နတ်သား၊ နတ်သမီး ရုပ်တုအသီးသီးအပြင် ဘုရင်ကြီး ဘူမိဘော အချစ်တော် ခွေးရုပ်တုတွေပါ ထားရှိထားပါတယ်။

ဘုရင်ကြီး ဘူမိဘောဟာ ၁၉၄၆ ခုနှစ်ကစပြီး ထိုင်းနိုင်ငံ ထီနန်းကို စိုးစံခဲ့တာပါ။ နိုင်ငံရေးအကွဲအပြဲတွေကြားမှာ ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ထိုင်းပြည်သူတွေ ဖခင်သဖွယ် ချစ်မြတ်နိုးကြတာပါ။

ထိုင်းထီးနန်းမှာ နှစ် ၇၀ ကျော် စိုးစံခဲ့ပြီးနောက်မှာ ၂၀၁၆ အောက်တိုဘာ ၁၃ မှာ ကံတော်ကုန် နတ်ရွာစံခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly