မြောက်ကိုရီးယားက ခြိမ်းခြောက်လျက်ရှိသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားက ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကြီးပြုလုပ်

မြောက်ကိုရီးယားက ခြိမ်းခြောက်လျက်ရှိသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားက ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကြီးပြုလုပ်

ဆိုးလ်၊ သြဂုတ် ၁၇ ။        ။ မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများရှိနေသော်လည်း ထောင်ပေါင်းများစွာသော တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၇ က ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို စတင်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယား၏ အစွမ်းကုန်တိုက်ခိုက်မှုအား သရုပ်သကန်ဖန်တီးကာ ပြန်လည်တိုက်ခိုက်သည့်ဟန် လေ့ကျင့်ကြသည်။

ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ စစ်ကြေညာမှုတစ်ခုဖြစ်သည်ဟု မြောက်ကိုရီးယားက ရှုတ်ချထားသည်။

သြဂုတ် ၂၈ ရက်အထိပြုလုပ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားထားသော နှစ်ပတ်လည် Ulchi Freedom စစ်ရေးလေ့ကျင့်မှုမှာ ယေဘုယျအားဖြင့် ကွန်ပြူတာဖြင့် သရုပ် သကန်ဖန်တီးမှုဖြစ်သော်လည်း ယခုလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သား ၅၀,၀၀၀နှင့် အမေရိကန်စစ်သား ၃၀,၀၀၀ပါဝင်သည်။

လေ့ကျင့်မှုမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ ကြီးမားသည့်ကျူးကျော်မှုကို ပုံဖော်ထားကာ သဘာဝအားဖြင့် ခုခံစစ်သက်သက်သာဖြစ်သည်ဟု ဆိုးလ်နှင့် ဝါရှင်တန်တို့ ကပြော ကြားခဲ့သည်။

သို့သော်လည်း အခြားသော တောင်ကိုရီးယား-အမေရိကန်နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများကဲ့သို့ပင် Ulchi Freedom စစ်ရေးလေ့ကျင့်မှုမှာ ရည်ရွယ်ချက်ရှိရှိ ရန်စသည့်သဘောဆောင်သည့်အတွက် ယခုနှစ်လေ့ကျင့်မှု ရှေ့ဆက်တိုးလုပ်ဆောင်ပါက စစ်ရေးအရ အပြင်းထန်ဆုံး တန်ပြန်အရေးယူဆောင်ရွက်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည်။ "

ဒီလိုကြီးမားတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲတစ်ခုကို ကြေညာတာနဲ့ အတူတူပါပဲ " ဟုနယ်ခြားရေးရာကိစ္စများကို ကြီးကြပ်ရသော မြောက်ကိုရီးယား၏ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာပြန်လည်ပေါင်း စည်းရေးကော်မတီက လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

လေ့ကျင့်မှုပြုလုပ်ရာမှ မတော်တဆတိုက်ခိုက်မှုဖြစ်ပွားရာက အစွမ်းကုန်တိုက်ခိုက်သည့် စစ်ပွဲကြီးဖြစ်လာနိုင်သည်ဟု ကော်မတီက သတိပေးထားသည်။

ယခုလအစောပိုင်းက နယ်ခြားကင်းလှည့်မှုတစ်ခုမှ တပ်ဖွဲ့ဝင်များကို ကိုယ်လက်အင်္ဂါချွတ်ယွင်းစေသော မိုင်းဗုံးပေါက်ကွဲမှုများအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို အပြစ်တင်ပြီးနောက် ကိုရီးယားကျွန်းဆွယ်တစ်လျှောက်စစ်ရေးတင်းမာမှုများ မြင့်မားလာခဲ့သည်။ တောင်ကိုရီးယားက ဆယ်စုနှစ်တစ်နှစ်ကျော် ငြိမ်သက်နေခဲ့သော အသံချဲ့စက်များကို အသုံးပြုကာ နယ်စပ်တစ်လျှောက် ဝါဒဖြန့်ချိရေး ထုတ်လွှင့်မှုများကို ပြန်လည်ပြုလုပ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly