လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးတွင် နေအိမ် ၂၂ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ပြိုကျပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးတွင် နေအိမ် ၂၂ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ပြိုကျပျက်စီး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ အောက်တိုဘာလ ၂၃ ။             ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၂ လုံးနှင့် အခြေခံပညာမူလတန်းကျောင်းဆောင် ၂ ကျောင်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ ရှာရှည်ပြင်ကျေးရွာတွင် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၂ နာရီအခွဲအချိန်ခန့်က လေပြင်းများ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး လူနှင့် တိရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်းသိရသည်။

ထိုသို့ လေပြင်းတိုက်ခိုက်မှု ခံခဲ့ရသည့် ရှာရှည်ပြင်ကျေးရွာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ဦးတပ် နယ်မှ တပ်မတော်သားများနှင့် နယ်မြေခံတပ်မှ ဆေးကုသရေးအဖွဲ့များက သွားရောက်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၂ ရက်ကလည်း မြောက်ဦးမြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရပြီး သံချောင်းကျေးရွာတွင် ဓနိမိုး၊ ထရံကာ အိမ် ၂ လုံး ပြိုကျခဲ့ကာ သံချောင်းကျေးရွာအုပ်စု၊ ပီပင်ရင်ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ်  ၁ လုံးနှင့် ဓနိမိုး၊ ထရံကာ နေအိမ် ၃ လုံး အပျက်အစီးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly