စစ်သွေးကြွများနှင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် အီဂျစ်ရဲ ၁၆ဦးခန့်သေဆုံး

စစ်သွေးကြွများနှင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် အီဂျစ်ရဲ ၁၆ဦးခန့်သေဆုံး

အီဂျစ်၊ အောက်တိုဘာ ၂၂ ။           ။ အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့နှင့် အနောက်ဘက်ကန္တာရမှ ဘာဟာရီယာအိုအေစစ်ကြားရှိ လမ်းမကြီးတစ်ခုပေါ် ၌ အစ္စလာမ်မစ်စစ်သွေးကြွများနှင့် အီဂျစ်ရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိ ၁၆ ဦးခန့် သေဆုံးခဲ့ကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

ခရိုင်အချို့တွင် စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရဲအရာရှိများ၏ ဈာပနအခမ်း အနားကို ကျင်းပရန်ပြင်ဆင်နေကြပြီး ၎င်းတို့၏အခေါင်းများကို အီဂျစ်နိုင်ငံအလံဖြင့် ဖုံးလွှမ်းပေးထားသည်။

အစောပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆေးရုံများမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သောကြာနေ့ တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း အီဂျစ်ရဲတပ်ဖွဲ့ဝင် ၃၅ ဦးအထိ သေဆုံးခဲ့သည်ဟု သိရ သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သော စာရင်းမှာ ထိုပမာဏထက်နည်းပါးခဲ့သည်။

အစ္စလာမ်မစ်စစ်သွေးကြွများသည် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကြရန်အတွက် ပုန်းအောင်းကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေကြသောကြောင့် ကိုင်ရိုမြို့မှ ၁၂၅မိုင်ခန့်ကွာဝေးသောအရပ်ရှိ အခင်းဖြစ်ပွား ရာနေရာသို့ ရဲတပ်ဖွဲ့များကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့များ ချဉ်းကပ်လာချိန်တွင် စစ်သွေးကြွများသည် လက်နက်ကြီးများနှင့် စတင်ပစ်ခတ်ခဲ့သောကြောင့် နာရီပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ရပြီး ရဲ ၁၆ ဦးသေဆုံး၍ ၁၃ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ၁ ဦးပျောက်ဆုံး နေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အကြမ်းဖက်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောကြား ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် အီဂျစ်အာဏာပိုင်များသည် အီဂျစ်စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာခန့်ကို တိုက်ခိုက်သတ်ဖြတ်နေသည့် အစ္စလာမစ်နိုင်ငံတော်အဖွဲ့ IS တို့၏ အီဂျစ်အဖွဲ့ခွဲအား ပစ်မှတ်ထားကာချေမှုန်းဖို့ လုပ်ဆောင်နေကြောင်း ပြည်ထဲရေး၏အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly