နိုင်ငံရေးဆိုင်ရာ မူဘောင်များအတွက် နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် များဆွေးနွေး

နိုင်ငံရေးဆိုင်ရာ မူဘောင်များအတွက် နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် များဆွေးနွေး

ချင်းမိုင်၊  သြဂုတ် ၁၇ ။        ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်များ အတွက်ပြည်တွင်း မှနိုင်ငံရေးပါတီ အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဇူလိုင် ၁၅ နှင့် ၁၆ ရက်များတွင် နှစ်ရက်ကြာ ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် ထပ်မံ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့မှ ခေါင်းဆောင် နိုင်ဟံသာက “ယေဘူယျအားဖြင့် သုံးပွင့်ဆိုင်မှာ အပေါ်မှာ အခြေခံကြဖို့။ ဆွေးနွေး တဲ့အခါ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားကြဖို့ အားလုံးက သဘောတူတယ်။ ဒါက အသေးစိတ်ဆွေးနွေးရမဲ့ အနေအထား မဟုတ်သေးဘူး”ဟု ပြောသည်။  

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့ မူဘောင်တစ်ခုတည်းဖြစ်ရေး ဆွေးနွေးခဲ့ကြကာ ရလဒ်အနေဖြင့် နားလည်မှု ပိုမိုရရှိလာသည်ဟုလည်း ၎င်းက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ ( UNA) ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB)နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးရန် သမ္မတ ၏ ဖိတ်ခေါ်မှုအပေါ်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက  လာမည့် သြဂုတ်လ ၂၁ ရက်နေ့တွင်ဆွေးနွေး ကြမည် ဖြစ်ကြောင်းလည်း နိုင်ဟံသာက ပြောသည်။

ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးခေါင်းဆောင်များ ပြောင်းလဲမှုနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ယုံကြည်မှု လျော့နည်းလာပြီး သတိထားရမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းက “သူတို့အဖွဲ့အတွင်းမှာ ဒီလိုဖြစ်တော့ ဒါက သတိတော့ ထားရတာပေါ့လေ။ သူတို့အတွင်းမှာ အချင်းချင်း ဒီလို အလိုမကျဖြစ်ရင်တော့ ဒီလိုကိုင်တွယ်တတ်တဲ့သဘောတွေရှိတော့ ကျွန်တော် တို့လည်း အများကြီး သတိထားဖို့တော့ လိုတာပေါ့” ဟု ပြောသည်။

ထို့ပြင် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် ရန်ကုန်မြို့တွင် ဆွေးနွေးချက်များအပေါ် ပြည်လည် သုံးသပ်မည့်  အစည်းအဝေးကိုလည်း သြဂုတ်  ၂၁ ၊ ၂၂၊ ၂၃ ရက်များတွင်  ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly