ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တိုယိုတာက တီယန်ကျင်းစက်ရုံကို လည်ပတ်မှုရပ်ဆိုင်းထား

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တိုယိုတာက တီယန်ကျင်းစက်ရုံကို လည်ပတ်မှုရပ်ဆိုင်းထား

တိုကျို၊ သြဂုတ် - ၁၇ ။         ။ ပြီးခဲ့သည့်ရက်သတ္တပတ်က လူပေါင်း ၁၀၀ကျော်သေဆုံးခဲ့ရသည့် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ တီယန်ကျင်းဆိပ်ကမ်းအနီးရှိ ၎င်း၏စက်ရုံကို သြဂုတ်လ ၁၉ရက်(ဗုဒ္ဓဟူးနေ့)အထိ ပြန်လည် လည်ပတ်ဦးမည်မဟုတ်ကြောင်း တိုယိုတာ မော်တော်ကော်ပိုရေးရှင်းက သြဂုတ်လ ၁၆ရက် (တနင်္ဂနွေ)နေ့က ပြောကြားခဲ့သည်။

ဂျပန်ကားကုမ္ပဏီကြီး၏ ပိတ်ရက်များအတွင်း ပေါက်ကွဲမှုဖြစ်ပွားလာခဲ့ခြင်းဖြစ်သော်လည်း ဘေးဒဏ်သင့်ဧရိယာနှင့် ကပ်နေသည့် လိုင်းသုံးလိုင်း၏ ထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ယခုအချိန်အထိ ထိခိုက်မှုမရှိသေးကြောင်း တိုယိုတာက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ဒါပေမယ့်လည်း ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ အကြံပြုတာတွေ ရှိနေသေးတာကြောင့် တီယန်ကျင်း FAW တိုယိုတာ မော်တော်ကုမ္ပဏီလီမိတက်ရဲ့ ထုတ်လုပ်ရေးလိုင်းသုံးလိုင်းအနက် ဘယ်လိုင်းကိုမှ သြဂုတ်လ ၁၇ရက်နေ့ကနေ သြဂုတ်လ ၁၉ရက်နေ့အထိ လုပ်ငန်းလည်ပတ်ဦးမှာမဟုတ်ပါဘူး’ဟု တိုယိုတာက ပြောကြားခဲ့သည်။

သောကြာနေ့က ပေါက်ကွဲမှုအတွင်း ဝန်ထမ်း၅၀ကျော် ဒဏ်ရာရရှိသွားခဲ့သည်မှလွဲ၍ နောက်ထပ် ထိခိုက်ပျက်စီးမှုသတင်း တစ်စုံတစ်ရာ မရရှိသေးကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီ၏ ပြောကြားချက်အရ ဆိပ်ကမ်းမြို့အတွင်း သေဆုံးသူအရေအတွက်မှာ ၁၁၂ဦးအထိ ရှိလာပြီး ၉၅ယောက်မှာ ပျောက်ဆုံးနေသည့်အပြင် အသေအပျောက် အရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရာ ရှိသည်ဟု ဆိုသည်။

တီယန်ကျင်းမှာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းသို့ဝင်သည့် တံခါးပေါက်ဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်သွင်းသည့် ကားများ၏ ၄၀ရာခိုင်နှုန်းမှာ တီယန်ကျင်းမှ ဝင်ရောက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly