ကလေးများအပေါ် လိင်စိတ်ရှိသူများကို ဖြိုခွင်းမှုအတွင်း ဘရာဇီးရဲများ လူ ၁၀၀ ကျော်ကို ဖမ်းဆီးရမိ

ကလေးများအပေါ် လိင်စိတ်ရှိသူများကို ဖြိုခွင်းမှုအတွင်း ဘရာဇီးရဲများ လူ ၁၀၀ ကျော်ကို ဖမ်းဆီးရမိ

ရီယိုဒီဂျနေရိုး၊ အောက်တိုဘာ ၂၁ ။               ။ လက်တင်အမေရိကတွင် ကလေးများအပေါ် လိင်စိတ်ရှိသူများအား ဖြိုခွင်းသည့် အကြီးဆုံးစစ်ဆင်ရေးအတွင်း လူပေါင်း ၁၀၈ ဦးကို ဖမ်းဆီးထားကြောင်း ဘရာဇီးရဲများက ပြောသည်။

ဘရာဇီး ပြည်နယ် ၂၄ ပြည်နယ်နှင့် ဘရာဆီးရီးယားမြို့တော်တို့တွင် ယင်းသံသယရှိသူများကို ဖမ်းဆီးခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူများသည် ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းများမှတစ်ဆင့် ကလေးငယ်များ၏ မဖွယ်ရာသောပုံများကို မျှဝေဖြန့်ဖြူးသည့် ကွန်ရက်ပါ သူများဖြစ်ကြောင်း တရားရေးဝန်ကြီး တောကွာတိုက ဆိုသည်။

အမေရိကန်နှင့် ဥရောပ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ ပါဝင်သော ခြောက်လကြာ ခြေရာကောက်စုံစမ်းမှုများ ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများကို စစ်ဆင်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဖမ်းဆီးမှုများတွင် စိတ်မသက်သာစရာ ကလေးငယ်များ၏ ပုံများ ပါဝင်သည့် ဖိုင်ပေါင်း တစ်သိန်းခွဲကျော်ကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိသည်။

ရှာဖွေရေးအင်ဂျင် search engines အများစု လက်လှမ်းမမီသော အင်တာနက် အစိတ်အပိုင်းတစ်ခုဖြစ်သည့် dark web မှတစ်ဆင့် အဆိုပါ ပုံများ မျှဝေခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများတွင် အငြိမ်းစားရဲများ၊ အစိုးရဝန်ထမ်းများနှင့် လူငယ်ဘောလုံးကလပ် နည်းပြများပါ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly