အောက်တိုဘာလ ၁၉ ရက်၊၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယမန်နေ့ည အောက်တိုဘာလ ၁၈ ရက်က ရေမဆေးကျောက် ရှာဖွေသူများနှင့် လုပ်ကွက်မှ လုံခြုံရေးတို့အကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေမဆေးရှာသူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေးကုမ္ဗဏီများတွင် စောင့်သည့် လုံခြုံရေးအဖွဲ့နှင့် ရေမဆေးသမားများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာတွင် ရေမဆေးကျောက်ရှာသူ ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လုံးခင်းကျေးရွာအုပ်စု ရပ်ကျေး ဥက္ကဋ္ဌ ဦးလောခန်က ပြောသည်။
“ည ၁၀ နာရီခွဲလောက်မှာ ရေမဆေးသမားတွေက တစ်သုံးလုံး ကုမ္ဗဏီ လုပ်ကွက်ထဲဝင်လို့ တားတယ်ပေါ့။ မဝင်နဲ့ပေါ့။ ပဋိပက္ခဖြစ်ရော၊ ရေမဆေးသမားက ထောင်ချီရှိတော့ ခဲနဲ့ပေါက်တော့ ဟိုကလည်း အင်အားပြန် ဖြည့်ပြီးမှ ပစ်ကြတယ်လို့ ပြောတာပဲ။ ၆ ယောက်သေတယ်။ အခု လုံးခင်း ရင်ခွဲရုံမှာ၊ ၉ ယောက်က တစ်ဝက်လောက်က စိုးရိမ်ရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဖားကန့်မြို့မှ ကချင်အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့မှ ဦးတူးမိုင်ကမူ ဒဏ်ရာ ပြင်းထန်သော လူနာ ၁၁ ဦးကို မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်မည် ဖြစ်ပြီး၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သူက ပြောသည်။
လက်ရှိ သက်ဆိုင်ရာ အာဏာပိုင်များစစ်ဆေးနေဆဲ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လုံးခင်းကျေးရွာအုပ်စု ရပ်ကျေး ဥက္ကဋ္ဌ ဦးလောခန်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၉ နာရီခွဲချိန်တွင် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး သိုးပင်း၊ ဖဝါမှော်ရှိ တစ်သုံးလုံး ကျောက်စိမ်း တူးဖော်ရေး ကုမ္ဗဏီလုပ်ကွက်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ တပ်ရင်း ၁၄ မှ ရဲမှူး ဦးကျော်ဝင်းလှိုင် ဦးဆောင်သော အင်အား ၃၀ ခန့်သည် တရားမဝင် ကျောက်စိမ်း ရှာဖွေမှုကို တားဆီးခဲ့ရာမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖားကန့်မြို့ အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်မိုးထက်၏ လူမှု ကွန်ယက်တွင် ဖော်ပြထားသည်။