အာဖဂန်နစ္စတန်မှာ တာလီဘန်အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ နီးပါးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရ

အာဖဂန်နစ္စတန်မှာ တာလီဘန်အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ နီးပါးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရ

အောက်တိုဘာ ၁၇ ။            ။ အာဖဂန်နစ္စတန်နိုင်ငံမှာ အောက်တိုဘာ ၁၇ ရက်က အစိုးရတပ်ဖွဲ့ဝင်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ  လူ ၅၀ နီးပါး သေဆုံးပြီး လူ ၂၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူအသေအပျောက်အများဆုံး ယခုတိုက်ခိုက်မှုဖြစ်စဉ်တွေကို မိမိတို့လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းမြို့ ဂါဒက်ဇ်မှာ ရှိတဲ့ ရဲလေ့ကျင့်ရေးစင်တာတစ်ခုကို အောက်တိုဘာ ၁၇ ရက်က တာလီဘန်အသေခံဗုံးခွဲတိုက်ခိုက်သူတွေနဲ့ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

" ဒီဖြစ်စဉ် အစပိုင်းမှာ အသေခံဖောက်ခွဲရေးသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့ ကားကို မောင်းလာပြီး စင်တာအနီးမှာ ဖောက်ခွဲသွားခဲ့တာကြောင့် လမ်းပွင့်သွားခဲ့တာပေါ့၊ အဲဒီကနေတဆင့် သူတို့ တိုက်ခိုက်ရေးသမားတွေ လာပြီး တိုက်ခိုက်သွားတော့ပါပဲ" ဆိုပြီး အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ယခုဖြစ်စဉ်တွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ရှင်းလင်းမှုကြောင့် အနည်းဆုံး တိုက်ခိုက်ရေးသမား ခြောက်ဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

ယခု တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသွားသူတွေထဲမှာတော့ အမျိုးသမီးတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ရဲတွေ ပါဝင်နေကြောင်း ဂါဒက်ဇ်မြို့ ပြည်သူ့ကျန်းမာရေးဌာန ဒါရိုက်တာ ဟက်ဒါယာတူလာ ဟာမီဒီက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယခု ဂါဒက်ဇ်မြို့ တိုက်ခိုက်မှုဖြစ်စဉ်အပြင် အနီးအနားဒေသတစ်ခုမှာလည်း အခြားတိုက်ခိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly