အကြမ်းဖက်သမားတွေလက်ကနေ မာရာဝီမြို့ လွတ်မြောက်ခဲ့ပြီဟု ဖိလစ်ပိုင်သမ္မတ ကြေညာ

အကြမ်းဖက်သမားတွေလက်ကနေ မာရာဝီမြို့ လွတ်မြောက်ခဲ့ပြီဟု ဖိလစ်ပိုင်သမ္မတ ကြေညာ

 

အောက်တိုဘာ ၁၇ ။                ။ နိုင်ငံတောင်ပိုင်း မာရာဝီမြို့ ယခုဆိုရင် အကြမ်းဖက်သမားတွေ ထိန်းချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။ အိုင်အက်စ်အုပ်စု သစ္စာခံ စစ်သွေးကြွတွေနဲ့ ငါးလကြာ တိုက်ခိုက်ခဲ့ရပြီးနောက် ယခုအခါ မာရာဝီ စစ်ပွဲ ပြီးဆုံးသွားပြီ ဆိုပြီး ဒူတာတေးက ကြေညာလိုက်တာဖြစ်ပါတယ်။

မာရာဝီမြို့က ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို မိုးထဲရေထဲ မိန့်ခွန်းတစ်ရပ် ပြောဆိုရာမှာတော့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အထက်ပါအတိုင်း ပြောဆိုသွားတာဖြစ်ပါတယ်။ ယင်း မာရာဝီမြို့ တိုက်ပွဲတွေအတွင်းမှာတော့ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူ လေးသိန်း အိုးမဲ့အိမ်မဲ့ဖြစ်ထားခဲ့ရပါတယ်။

" ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ ခုဆိုရင် ဒီ မာရာဝီမြို့ဟာဆိုရင် အကြမ်းဖက်သမားတွေလက်ကနေ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ကြောင်း ကျွန်တော် ဒီနေရာကနေ ကြေညာလိုပါတယ်" ဆိုပြီး ဒူတာတေးက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါပေမယ့်လည်း ၎င်းရဲ့ အဆိုပါမိန့်ခွန်းပြောဆိုမှု မတိုင်ခင် အချိန်ပိုင်းအတွင်းမှာပဲ ယင်းမြို့မှာ ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေ ကြားထားခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်စစ်တပ်ကလည်း  အဆိုပါ မာရာဝီ တိုက်ပွဲ ခုထက်ထိ မပြီးသေးကြောင်း ထုတ်ဖော်ထားပါတယ်။

ယခုလို ဒူတာတေးရဲ့ ကြေညာချက်ထွက်ပေါ်ပြီးနောက် ခဏအတွင်းမှာပဲ ဖိလစ်ပိုင်စစ်တပ်က ပြောကြားရာမှာတော့ တိုက်ခိုက်မှုကတော့ ဆက်ရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမယ့်လည်း မြို့တွင်းမှာ ဆက်ရှိနေတဲ့ စစ်သွေးကြွ အယောက် ၃၀ အတွက်ကတော့ လွတ်လမ်း ရှိတော့မှာမဟုတ်ကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် စစ်ဇုန်အတွင်း ဓားစာခံထိန်းသိမ်းခံထားရသူ ၂၀ ထိ ရှိနေသေးကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

" ခုလို သမ္မတရဲ့ ထုတ်ကြေညာချက်ကြောင့် မြို့တွင်းကို ပြန်ဝင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်စနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်၊ ပြာပုံတွေကနေ မာရာဝီမြို့ကို   ပြန်လည်တည်ဆောက်သွားရပါဦးမယ်၊ ကျန်ရှိနေတဲ့ စစ်သွေးကြွတွေကို ဆက်ရှင်းသွားမှာပါ" ဆိုပြီး ဖိလစ်ပိုင် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly