ခရီးသည် များပြားမှုကြောင့် ၂၀ မိနစ်လျှင် ရန်ကုန်ရေကြောင်းဘတ်စ်တစ်စီး ပြေးပေးတော့မည်

ခရီးသည် များပြားမှုကြောင့် ၂၀ မိနစ်လျှင် ရန်ကုန်ရေကြောင်းဘတ်စ်တစ်စီး ပြေးပေးတော့မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊အောက်တိုဘာ၁၅ ။           ။ ရန်ကုန်ရေေကြာင်းဘတ်စ် စတင်ပြီးနောက် ခရီးသည် များပြားမှုကြောင့် ၂၀ မိနစ်လျှင် တစ်စီး ပြေးဆွဲပေးတော့ မည်ဖြစ်ပြီး ပြေးဆွဲခွင့် စာရွက်စာတမ်းများ ရရှိလာပါက ပြေးဆွဲပေးနိုင်တော့မည်ဟု အောက်တိုဘာလ ၁၄ ရက် နေ့က တရားဝင်ကြေညာလိုက်သည်။

ပိုမိုပြေးဆွဲနိုင်ရန် သင်္ဘောများ အဆင်သင့်ရှိပြီးဖြစ်သည်ဟုလည်း ကြေညာထားပြီး ပြေးဆွဲခွင့်စာရွက်စာတန်း များ စောင့်ဆိုင်းနေရ၍ အစင်းရေအပြည့် မပြေးဆွဲနိုင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

"မကြာမီအစင်းရေ (၁၃)စီးဖြင့်ပြေးဆွဲတော့ပါမည်။ ယင်းအချိန်ကျမှ မိနစ်(၂၀)တိုင်း တစ်စီးကျ ထွက်ပေးနိုင်ပါမည်" ဟု ရန်ကုန်ရေကြောင်းဘတ်စ်ကုမ္ပဏီမှ ကြေညာထားသည်။

ရန်ကုန်ရေေကြာင်းဘတ်စ်ကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး  လာရောက်စီးနင်း သည့်ခရီးသည်များ များပြားခြင်း၊ ရေယာဉ်နည်းပါးခြင်းတို့ကြောင့် ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်၌ သြစတေးလျနိုင်ငံထုတ်သင်္ဘော (၂)စီးနှင့် မြန်မာနိုင်ငံထုတ်သင်္ဘောများ(၃)စီးဖြင့် ပြေးဆွဲပေးနေသော်လည်း မူလက ၁၃ စီးပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထပ်တိုးမည့် သင်္ဘောများ၌ လူ(၅၀)ဆံ့မှ လူ(၂၀၀)ဆံ့သင်္ဘောများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရေကြောင်းဘတ်စ်ပြေးဆွဲရာတွင် မြန်မာနိုင်ငံထုတ်သင်္ဘောများမှာ ဆိပ်ခံဘောတံတားများထက်နိမ့်နေသဖြင့် ခရီးသည်များ အဆင်မပြေဖြစ်မှုကို လှေကားတပ်ဆင်ပေးထားခြင်းများ ရှိနေပြီး ရေယာဉ်များပေါ်၌ ထမင်းဗူးများ ရောင်းချပေးခြင်း၊ ရာသီဥတုအပူဒဏ်သက်သာစေရန် ရေယာဉ်ရှေ့ပြတင်းပေါက်များဖွင့်ထားပေးခြင်းတို့ စီစဉ်ထားကြောင်း တွေ့ရသည်။

လက်ရှိတွင် ရေကြောင်းဘတ်စ်အား စီးနင်းနေသူ များပြားနေပြီး အပျော်စီးသူခရီးသည်များပါ စီးနင်းနေခြင်း ဖြစ်ကာ တစ်ဦးလျှင် ၃၀၀ ကျပ်ဖြင့် နေ့စဉ် နံနက် ၆နာရီ ၁၅ ကနေ ည ၉ နာရီအထိ ဗိုလ်တစ်ထောင်မှ ပန်းဆိုးတန်း၊လမ်းသစ်၊ကြည့်မြင်တိုင်၊ရွှေပိတောက်၊အင်းစိန် အထိ ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly