ဆည်တော်ကြီးမှ ရေလွှတ်မှုကြောင့် လမ်းရေကျော်ကာ ကား အစီး ၁၀၀ ကျော် စောင့်ဆိုင်းနေရ

ဆည်တော်ကြီးမှ ရေလွှတ်မှုကြောင့် လမ်းရေကျော်ကာ ကား အစီး ၁၀၀ ကျော် စောင့်ဆိုင်းနေရ

မတ္တရာ၊ အောက်တိုဘာ ၁၅ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံငါရွာအနီးတွင် ဆည်တော်ကြီး ရေလှောင်တမံမှ ရေလွှတ်ထားခြင်း ကြောင့် မိုးကုတ်၊ မန္တလေးလမ်းပိုင်းကို   အောက်တိုဘာလ ၁၅ရက်၊နံနက် ၆ နာရီက စတင်၍ပိတ်ထားခဲ့ခြင်းကြောင့် ခရီးသည်အချို့နှင့်မော်တော်ယာဉ် ၁၀၀ ကျော်စောင့်ဆိုင်းနေလျှက် ရှိသည်။

ခရီးသည်များကို အနီးပတ်ဝန်းကျင် ကျေးရွာတစ်ချို့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပေးလျှက်ရှိကြောင်း သိရသည်။

မန္တလေး၊ တကောင်း ပြေးဆွဲနေသည့် မန္တလာရွှေပြည် ယာဉ်မှူးက "ရေစီးကြမ်းတော့ မဖြတ်ရဲဘူး။ ၁၀ နာရီ လောက်ကတည်းက ဒီမှာရောက်နေတယ်။ ကျွန်တော်တို့က ကားသမားဆိုတော့ ပြဿနာ မရှိပါဘူး။ ခရီးသည်တွေတော့ ဒုက္ခရောက်တာပေါ့။ ညအိပ်ရမယ့်သဘော ရှိတယ်။ ရေက ပိုတက်နေတယ်"ဟုပြောသည်။

အဆိုပါရေလွှတ်မည်ကို ကျေးရွာများသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဌာနဆိုင်ရာသို့ အကြောင်းကြား ထားကြောင်း သိရပြီး ဆည်တော်ကြီးမှ တာဝန်ရှိသူများက ကြိုတင်ပြောထားကြောင်း ဆိုသည်။

ညအိပ်ရမည်ဆိုပါက အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီတည်းခိုနေနိုင်ရန် စီစဉ်ပေးသွားမည်ဟု မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများကဆိုသည်။

ဆည်တော်ကြီးရေလောင်တမံမှ ရေလွှတ်လိုက်ခြင်းကြောင့် ယခုလိုဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၆ နာရီမှ စတင်၍ ယခုလိုဖြစ်ပေါ်နေပြီး လက်ရှိအခြေအနေတွင် လမ်းများပိတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly