နိုဝင်ဘာလ ၄ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပမည့် WLC-3:Legendary Championsပြိုင်ပွဲတွင် တံတောင်တိုက်ကွက်ဖြင့် အလဲထိုးနိုင်ပွဲရယူနိုင်မည့် ကစားသမားများကို မူလထိုးသတ်ကြေးများအပြင် ထပ်ဆောင်းအပိုဆုကြေး ကျပ်သိန်း ၂၀ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီက ကြေညာလိုက်သည်။
ပုံမှန်အတိုင်းအလဲထိုး အနိုင်ရသူများအနေဖြင့်လည်း ထပ်ဆောင်းအပိုဆုကြေး ကျပ်၁၀သိန်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
"မြန်မာ့လက်ဝှေ့သမားတွေ နည်းစနစ်ပိုင်း ပိုမိုတိုးတတ်လာပြီး ပရိသတ်အကြိုက်အလဲထိုးနိုင်ပွဲတွေများလာအောင်ရည်ရွယ်ပြီး အပိုထပ်ဆောင်းဆုကြေးကို အရင်တစ်သိန်း၊ နှစ်သိန်းပေးတာကနေ ၁၀ဆတိုးပြီးချီးမြှင့်သွားမှာပါ။ ပွဲစဉ်တိုင်းပေးသွားမှာဖြစ်လို့ ကစားသမားအားလုံး အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြမယ်လို့ယုံကြည်ပါတယ်"ဟု မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဌ ဦးဇေသီဟက ပြောသည်။
WLC-3:Legendary Champions ပြိုင်ပွဲတွင် Main Event (ခေါင်ပွဲ)အဖြစ် တူးတူး (မြန်မာ) နှင့် ဘာဒါတို (သြစတြေးလျ)တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး Co - Main Event (ဒု-ခေါင်ပွဲ)အဖြစ် အက်ဒီဖာရယ်(သြစတြေးလျ)နှင့် ဝါရင့်လက်ဝှေ့ကျော် စောငမန်းတို့ထိုးသတ်ကြမည်ဖြစ်သည်။ တူးတူးနှင့် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုရမည့် ဘာဒါတိုမှာ WBC ချန်ပီယံဆု၂ ကြိမ်၊ IKBF ကမ္ဘ့ချန်ပီယံဆု တစ်ကြိမ်၊ WKBF ကမ္ဘာ့ချန်ပီယံဆုတစ်ကြိမ်၊ CMT ချန်ပီယံဆု ၄ကြိမ်ရရှိထားသူဖြစ်သည်။ စိုးလင်းဦးမှာ ယူဂန္ဓာနိုင်ငံမှ WBC မွေထိုင်းချန်ပီယံဆုရှင် အူမာနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။