ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှု၌ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ထက်မနည်း သေဆုံး

ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှု၌ ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ထက်မနည်း သေဆုံး

မိုဂါဒစ်ရှု၊ ဆိုမာလီယာ၊ အောက်တိုဘာ ၁၅ ။           ။ ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှုမြို့ရှိ လူစည်ကားရာလမ်းဆုံပေါ်မှ ဟော်တယ်တစ်လုံး၏အပြင်ဘက်၌ စနေနေ့က ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ထက်မနည်း သေဆုံးခဲ့ရပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့် တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

“အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ကနဦးဖော်ပြတဲ့ အချက်အလက်တွေအရ ကားဗုံးပေါက်ကွဲခဲ့တဲ့ လမ်းမပေါ်က နေ အလောင်း ၂၀ ခန့် ကောက်ယူခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးအောက်ကနေ နောက်ထပ်အလောင်းတွေကို ထပ်မံကောက်ယူရဦးမယ်လို့ သိရပါတယ်” ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

အစိုးရလုံခြုံရေးအကြီးအကဲ မိုဟာမက်အေဒင်က ဖောက်ခွဲရေးပစ္စည်းများ သယ်ယူလာသည့် ကုန်တင်ကား ပေါက်ကွဲမှုသည် မိုဂါဒစ်ရှုမြို့၏ လူစည်ကားရာအရပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်ကားတစ်စီးကြောင့် ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ K5 လမ်းဆုံဘေးက ဟော်တယ်တစ်ခုရဲ့ ဝင်ပေါက်အနီးမှာဖြစ်ပွားခဲ့တာပါ” ဟု သူက ပြောခဲ့သည်။

“ဒီပေါက်ကွဲမှုဟာ အလွန်ကိုဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အလောင်း ဘယ်လောက်ကောက်ယူနိုင်ခဲ့လဲဆိုတာကို သေသေချာချာမရေတွက်နိုင်လောက်အောင် အသေအပျောက်များ ခဲ့ပါတယ်” ဟု မိုဂါဒစ်ရှုးမြို့၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောခဲ့သည်။

ထိုကားဗုံးဖောက်ခွဲမှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အယ်လ်ကေးဒါးအဖွဲ့နှင့် အချိတ်အဆက်ရှိသည့် ရှာဘတ်အကြမ်းဖက်အဖွဲ့သည် မိုဂါဒစ်ရှု မြို့၌ အသေခံဗုံးဖောက်ခွဲမှုများကို မကြာခဏကျူးလွန်လေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly