ခရီးသည်ယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သည ့်YBS ၃၇ အမှုကို အရေးယူရန် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့မည်

ခရီးသည်ယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သည ့်YBS ၃၇ အမှုကို အရေးယူရန် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့မည်
ဓာတ်ပုံ-ကေအမ်

ရန်ကုန်၊ အောက်တိုဘာလ ၁ဝ ။             ။ ခရီးသည်ယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သည့်YBS ၃၇  အမှုကို အရေးယူနိုင်ရန် စုံးစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က မဇ္ဈိမသို့ပြောသည်။

အောက်တိုဘာလ ၉ ရက်၊ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာမှ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စက်ပြင်နေသည့်  အောင် သစ္စာ ခရီးသည်တင်ယာဉ်အား ဆီထည့်ပြီးပြန်လာသည့် YBS ၃၇ ယာဉ်က နောက်မှ ဝင်တိုက်မှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

“ အရေးကတော့ ယူရမှာပဲလေ။ ဒါက ဒရိုက်ဘာရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာပေါ့။ မှားတာကတော့ နှစ်ဖက် လုံးမှားတာပေါ့။ ညနေ ၆ နာရီခွဲဆိုတော့ မှောင်တဲ့ချိန်ဖြစ်လာပြီလေ။ ခရီးသည်ကားက စက်ပျက်တယ်ဆိုရင် လည်း အရေးပေါ်မီးတွေဘာတွေ ထွန်းထားရမယ်လေ။ ဒါမှမဟုတ်စက်ကိုပြင်ရင်လည်း အမှန်က လမ်းဘေးချ ပြင်ရမှာလေ။ လမ်းပေါ်မှာ ပြင်နေတာဆိုတော့ ခုလိုဖြစ်သွားတာပေါ့။ နှစ်ဖက်လုံးမှားနေတာဆိုတော့ ပြန်ပြီး တော့ စုံးစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ့်ကိစ္စတွေ လုပ်သွားပါမယ်”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပြင်နေသည့်  အောင်သစ္စာခရီးသည်တင်ယာဉ်တွင် ထောက်ထားသည့် ဂျိုင့်ထောက်မှာ ပြုတ်ထွက်ခဲ့ကာ ကားပြင်နေသူ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရ ရှိသူများ မရှိကြောင်း သိရသည်။

ယင်းကဲ့သို့ အလားတူ ယဉ်မတော်တဆမှုများဖြေရှင်းရာတွင် YRTA ဆိုင်ရာ သီးခြားဥပဒေတစ်ခု မရှိသေးပေ။ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA)အနေဖြင့် တာဝန်ယူဆောင်ရွက်လာသည်မှာ တစ်နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်သော်လည်း YRTA ဆိုင်ရာဥပဒေမရှိသေးသဖြင့် ဥပဒေအတည်တကျထွက်ပေါ်လာရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦကျော်ဇေယျက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ရေကြောင်းဘတ်စ်(YWB)၊ အများပိုင်ဘတ်စ်ကားစနစ်(YBS)အပါအဝင် အဝေးပြေးယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်များကိုပါ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA)မှ တာဝန်ယူကွပ်ကဲနေသည်။

"ကျွန်တော်တို့အမြင်ပေါ့ အခုYRTAလုပ်နေတာတောင်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သတ်သတ်မှတ်မှတ်ဥပဒေမရှိသေးဘူးလေ ။Water Bus ရော ကုန်တင်ယာဉ်ကြီးတွေရော အာဆီယံအဆင့်နဲ့မှီအောင် ဘာညာကြီးကြပ်ပြီး ဒီYRTAကပဲလုပ်မယ် ။နောက်တစ်ခါ ကျောင်းကားကိစ္စတွေလည်းYRTAကပဲကြီးကြပ်ဆိုတော့ ဥပဒေသက်သက်မှတ်မှတ်မရှိသေးဘဲလုပ်နေတဲ့အတွက် ဒါတွေဟာကျွန်တော်တို့အနေနဲ့ ထောက်ပြတာပါ။ အစိုးရအဖွဲ့ကို ဥပဒေကြမ်းကော်မတီကိုလည်း ပြောထားတာပေါ့နော်"ဟု ဦးကျော်ဇေယျကဆိုသည်။

ဥပဒေအသစ်မပေါ်ပေါက်သေးသည့်အချိန်တွင် ရှိပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေနှင့် ရန်ကုန်တိုင်းဒေသကြီးရေယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေတို့အား လိုက်နာကျင့်သုံးသင့်ကြောင်း ဦးကျော်ဇေယျကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဥပဒေပါအတိုင်း ကွပ်ကဲရေးအဖွဲ့ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA)ကို စနစ်တကျဖွဲ့စည်းထားသည်။

သို့သော်လည်း အာဏာပိုင်အဖွဲ့၏ မော်တော်ယာဉ်ဆိုင်ရာ အတွင်းရေးမှူးနေရာတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှ တိုင်းဦးစီးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးအဆင့်ရှိသူဖြစ်ရမည်၊ ထို့အတူ ရေယာဉ်များအတွက်လည်း တိုင်းဦးစီးမှူးမှ အတွင်းရေးမှူးဖြစ်ရမည်ဟု ဦးကျော်ဇေယျက ဝေဖန်ထောက်ပြသည်။

"အခုအာဏာပိုင်အဖွဲ့ကျတော့ ပြင်ပပုဂ္ဂိုလ်တွေ လုပ်ငန်းရှင်တွေနဲ့ရေနှောပြီးတော့ဆိုတဲ့အခါကျတော့ ဥပဒေမရှိဘူးပေါ့ ။အဲဒါလေးကိုကျွန်တော်ကထောက်ပြတာပါ"ဟု ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

(၅၅)ယာဉ်လိုင်းနှင့် (၃၇)ယာဉ်လိုင်းတို့ ထောက်ကြန့်မြို့နယ်တွင် ဇူလိုင်လ (၇)ရက်နေ့၌ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ယာဉ်မောင်းအပါအဝင် လူ(၁၀)ဦးသေဆုံးခဲ့သည်။

ဇူလိုင်လ(၈)ရက်နေ့၌ YRTAမှ အစည်းအဝေးပြုလုပ်ကာ (၅၅)ယာဉ်လိုင်းအား အကန့်သတ်မရှိပိတ်သိမ်းရန် ဆုံးဖြတ်ချခဲ့သည်။

ထိုကိစ္စသည် မော်တော်ယာဉ်ဥပဒေတွင်မပါရှိဘဲ အစည်းအဝေးမှ လိုအပ်သလိုဆုံးဖြတ်ချထားသဖြင့် ဥပဒေအရကြည့်လျင်မှားယွင်းနေသည်ဟု ဦးကျော်ဇေယျက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags