သတ်မှတ်စံနှုံးနှင့်ကိုက်ညီသော ကျောင်းကြိုပို့ယာဉ်များ ဆက်လက်ပြေးဆွဲခွင့်ပြုမည်

သတ်မှတ်စံနှုံးနှင့်ကိုက်ညီသော ကျောင်းကြိုပို့ယာဉ်များ ဆက်လက်ပြေးဆွဲခွင့်ပြုမည်

 

ရန်ကုန်၊ စက်တင်ဘာလ ၁ဝ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေသော ကျောင်းကြိုပို့ယာဉ်များအနက် ကျောင်းကားစနစ်သစ် အတွက် ထုတ်ပြန်ထားသည့် သတ်မှတ်စံနှုန်းဖြင့် ကိုက်ညီမှုရှိပါကဆက်လက်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

ထိုသို့ ကျောင်းကားစနစ်သစ်အတွက် ထုတ်ပြန်ထားသည့် သတ်မှတ်စံနှုန်းဖြင့် ကိုက်ညီမှုရှိသော ကျောင်းကြိုပို့ ယာဉ်များအား ဆက်လက်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်သော်လည်း   ကျောင်းကြိုပို့နေသည့် နောက်ဖုံးဖွင့်ယာဉ်များ နှင့် လိုက်ထရပ်ယာဉ်များအား လုံးဝပြေးဆွဲခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTA အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

“ က.ည.နက ထုတ်ထားတဲ့ စံချိန်၊ စံညွှန်း၁၂ ရပ်ညီမျှတယ်ဆိုရင်တော့ လက်ရှိပြေးဆွဲနေတဲ့ ကျောင်းကြိုပို့ ယာဉ်တွေကို ဆက်ပြီးတော့ ပြေးဆွဲခွင့် ပြုသွားမှာပေါ့နော်။ လောလောဆယ်ကတော့ တဖြည်းဖြည်းနဲ့ လုပ်သွား မှာပေါ့။ လိုက်ထရပ်တွေနဲ့ နောက်ဖုံးပွင့်ယာဉ်တွေကိုတော့ လုံးဝပြေးဆွဲခွင့်ပြုတော့မှာမဟုတ်ဘူး။ သူတို့နေရာမှာ အခုမှာယူထားတဲ့ ကျောင်းကြိုတဲ့ ကားသစ်တွေနဲ့ပဲ အစားထိုးသွားမှာ။ ဒီနှစ်ထဲမှာပဲ တဖြည်းဖြည်း လျှော့သွားမယ်။ ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ လာမယ့် နှစ်ကတော့ လုံးဝမရပါဘူး”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီး ၂ဝဝ အား  အခြေခံစာသင်ကျောင်း ၂၂ ကျောင်းတွင် စတင်ပြေးဆွဲပေးရန် စီစဉ်ထားပြီး လက်ရှိတွင် ပထမဦးဆုံး စီမံချက်အနေဖြင့် အ.ထ.က (၂) ကမာရွတ်၊ TTC (ကမာရွတ်)နှင့် အ.ထ.က (၁) ဒဂုံတို့တွင် ကျောင်းကားစနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“ ကျောင်းသုံးကျောင်းကို စပြီးပြေးဆွဲမယ်ဆိုတာက အခုလောလောဆယ်တော့ စီမံချက်ပဲရှိသေးတယ်။ သူတို့ ဆွဲဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်။ သူတို့ ဘာမှ အဆင်သင့်မဖြစ်သေးဘူး။ ဘယ်အချိန်လောက် စဆွဲမယ်ဆို တာက မပြောနိုင်သေးဘူး။ အဲ့ဒါက အမြန်ဆုံးလုပ်ခိုင်းထားတယ် ”ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း School Bus စနစ်သစ်ဖြင့် ကျောင်းကြိုပို့ပြေးဆွဲခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုရီးယားနိုင်ငံမှ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာကို ရှယ်ယာအဖြစ် ထည့်ဝင်ထားပြီး ကျပ်ငွေသန်း ၅ ထောင်ထည့်ဝင်ထားသော Golden Hands အများပိုင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly