ကတ်တလန်ဒေသခွဲထွက်ရေးကို ဆန့်ကျင်သူများက ဘာစီလိုနာမြို့၌ စုရုံးဆန္ဒပြ

ကတ်တလန်ဒေသခွဲထွက်ရေးကို ဆန့်ကျင်သူများက ဘာစီလိုနာမြို့၌ စုရုံးဆန္ဒပြ

 

ဘာစီလိုနာ၊ စပိန်၊ အောက်တိုဘာ ၉ ။             ။ စပိန်အစိုးရကတားမြစ်ထားသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီးနောက် ကတ်တလန်ဒေသ လွတ်လပ်ရေးကို ကြေညာရန်ပြင်ဆင်နေကြသော ခွဲထွက်ရေးခေါင်းဆောင်များ၏ အစီအစဉ်ကိုဆန့်ကျင်သည့် အနေဖြင့် လူပေါင်း ၃သိန်းခွဲခန့်သည် တနင်္ဂနွေနေ့၌ စပိန်နိုင်ငံအလံများဝေ့ယမ်း၍ ဘာစီလိုနာမြို့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

လက်ရှိအချိန်တွင် စပိန်နိုင်ငံ၏ နိုင်ငံရေးလောက၌ အဆိုးရွားဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်နေသော ယခုလို ဖြစ်ရပ်ကြောင့် ကတ်တလန်ဒေသမှလူများသည် စပိန်နိုင်ငံမှ ခွဲထွက်မည့်အစီအစဉ်ကို ဆန့်ကျင်နေခြင်းဖြစ် ကြောင်း ဆန္ဒပြသူများက ပြောခဲ့သည်။

ဘာစီလိုနာမြို့မှ အာကွင်နာအိုနာရင်ပြင်၌ ရာပေါင်းများစွာသော လူများသည် အနီနှင့်အဝါရောင် ခြယ်သထား သော အလံများကို ဝေ့ယမ်း၍ ဆန္ဒပြခဲ့ကြသည်။

“ကျနော်တို့ ခွဲထွက်ရေးကိစ္စနဲ့ ပက်သက်ပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ကြပါတယ်။ အခုဖြစ်နေ တဲ့ပုံစံက အငြင်းအခုန်တစ်ခုမှာ အသံကျယ်ကြီးပိုအော်နိုင်တဲ့သူက အနိုင်ရတဲ့ ပုံစံပေါက်နေပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့အနေနဲ့ နှုတ်ဆိတ်နေဖို့ မဖြစ်နိုင်တော့ပဲ လွတ်လပ်ရေးမလိုချင်တဲ့၊ ခွဲထွက်ရေးမလိုချင်တဲ့ ကျနော်တို့ ရဲ့ ဆန္ဒကို ကျယ်လောင်ပြတ်သားစွာ   ဖော်ထုတ်နေရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သော အသက် ၄၄ နှစ်အရွယ်ရှိ အဲလက်ယန်ဒရိုမားကို့စ်က ပြောခဲ့သည်။

စပိန်အစိုးရနှင့် တရားရုံးများက တားမြစ်ထားသည့်ကြားမှ အာခံအံတုကာ လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပခဲ့သော ခွဲထွက်ရေးအဖွဲ့၏ သမ္မတဖြစ်သူ ကားလက်စ်ပွတ်ဒီမွန့် အား ထောင်ထဲသို့သွားရန် ဆန္ဒပြသူအချို့က တောင်းဆိုဆန္ဒပြနေခဲ့ကြသည်။

“စပိန်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို မဲခွဲဆုံးဖြတ်မှု၊ ဆွေးနွေးညှိုနှိုင်းမှုတို့နဲ့ ဖျက်ဆီးလို့မရပါဘူး။ ခုခံကာကွယ် သွားကြရပါလိမ့်မယ်” ဟု ဆန္ဒပြသူလူအုပ်ကြီးက ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly