ပူတင်၏ မွေးနေ့ကျင်းပနေစဉ် ဆန္ဒပြခဲ့သည့် အတိုက်အခံများကို ရုရှားရဲတပ်ဖွဲ့ဖြိုခွဲ

ပူတင်၏ မွေးနေ့ကျင်းပနေစဉ် ဆန္ဒပြခဲ့သည့် အတိုက်အခံများကို ရုရှားရဲတပ်ဖွဲ့ဖြိုခွဲ

စိန့်ပီတာစ်ဘတ်၊ ရုရှား၊ အောက်တိုဘာ ၈ ။              ။ ရုရှားနိုင်ငံတစ်ဝန်းရှိ လမ်းမများပေါ်၌ စနေနေ့တွင်ကျရောက်သော သမ္မတပူတင်၏မွေးနေ့ပွဲကို ကျင်းပနေစဉ် တွင် စိန့်ပီတာစ်ဘတ်မြို့၌   ထောင်နှင့်ချီသောလူအုပ်ကြီးက ပူတင်အားရာထူးမှနှုတ်ထွက်ပေးရန် ဆန္ဒပြသခဲ့ သောကြောင့် ရုရှားရဲတပ်ဖွဲ့က အင်အားသုံး၍ နှိမ်းနင်းခဲ့သည်။

အကျဉ်းချခံထားရသော ရုရှားအတိုက်အခံခေါင်းဆောင် အဲလက်ဇီနေဗယ်နီ၏ တောင်းဆိုမှုအတိုင်း အများနှင့် တန်းတူဖြစ်သော ရွေးကောက်ပွဲကို ကျင်းပပေးရန်အတွက် ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်၊ ပူတင် ၏ မွေးရပ်ဇာတိမြို့လည်းဖြစ်သော စိန့်ပီတာဘတ်စ်မြို့တွင် လူပေါင်း ၃၀၀၀ ခန့်သည် ဆန္ဒပြခဲ့ကြပြီး မော်စကိုမြို့လယ်ခေါင်၌လည်း လူတစ်ထောင်ကျော်က ဆန္ဒပြသခဲ့ကြသည်။

ပူတင်၏မွေးနေ့ဖြစ်သည့်အတွက် မော်စကိုရှိရဲတပ်ဖွဲ့များက အဓိကရုဏ်းမဖြစ်ပွားလိုသောကြောင့် ဆန္ဒပြသူများကို မြို့လယ်ခေါင်ထိချီတက်ခွင့်ပေးခဲ့သော်လည်း စိန့်ပီတာစ်ဘတ်မြို့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို အင်အားသုံးနှိမ်နင်းခဲ့သည်။

ထိုသို့အင်အားသုံးဖြိုခွဲမှုကြောင့် လူပေါင်း ၆၂ဦးထက်မနည်း အဖမ်းခံခဲ့ရကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားမှု များကို စောင့်ကြည့်လေ့လာရေးအဖွဲ့ OVD-Info ၏အဆိုအရ သိရသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ဆန္ဒပြသူများကို အင်အားသုံး၍ ရဲကားများအတွင်းသို့ ထည့်သွင်းနေခဲ့သလို ဒဏ်ရာရရှိအောင် အင်အားသုံးဖြိုခွင်းခဲ့သောကြောင့် အတိုက်အခံဆန္ဒပြသူများက ရဲများကို “အရှက်မရှိသူများ” ဟု အော်ဟစ်နေခဲ့ကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

အသက် ၂၀အရွယ်ရှိသော ဆန္ဒပြသူလူငယ်တစ်ဦးက ယခုဖြစ်ရပ်နှင့်ပက်သက်၍ ပူတင်ကိုမကျေနပ်ကြောင်း ပြောဆိုခဲ့သည်။

“ကျနော်မှတ်မိသလောက်ဆိုရင် သူဟာအာဏာကိုင်စွဲထားတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ တိုင်းပြည်ရဲ့ နေရာတိုင်းမှာလည်း အကျင့်ပျက်ခြစားမှုတွေ ရှိနေပါတယ်” ဟု ထိုလူငယ်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly