ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦး ထုတ်ပယ်ခံရ

ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦး ထုတ်ပယ်ခံရ

 

အောက်တိုဘာ ၇ ။                      ။ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ပါတီစည်းမျဉ်းချိုးဖောက်မှုနဲ့ ထုတ်ပယ်လိုက်ကြောင်း အစိုးရက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ယခု ထုတ်ပယ်ခံလိုက်ရသူကတော့ ဗီယက်နမ်ရဲ့ အကြီးဆုံးသော မြို့ကြီးတွေအနက် မြို့ကြီးတစ်ခုဖြစ်တဲ့ ဒါနန်းမြို့ရဲ့ ပါတီခေါင်းဆောင် အသက် ၄၁ နှစ်ရှိ ငုရင်ရွှမ်အန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်းဟာ ဆိုရင် ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သလို ပါတီရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေခဲ့တာကြောင့် ယခုလို ထုတ်ပယ်လိုက်ရတာဖြစ်ကြောင်း ပါတီစည်းကမ်းထိန်းသိမ်းရေး   ကော်မရှင်က ထုတ်ပြန်ပြောဆိုသွားပါတယ်။

ယင်းနိုင်ငံမှာ အစိုးရက ကြီးမှူးလုပ်ဆောင်နေတဲ့ ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်အရ နိုင်ငံရေးအရ သြဇာကြီးသူတွေ၊ ပါတီအဆင့်မြင့်အရာရှိကြီးတွေကို ပစ်မှတ်ထား စစ်ဆေးစုံစမ်းနေလျက်ရှိပြီး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ ကွန်မြူနစ်ပါတီတွင်း တာဝန်ရှိသူဒါဇင်နဲ့ချီပြီး ထုတ်ပယ်ရှင်းလင်းခံထားရပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံမှာ မသမာမှုတွေကို ဖော်ထုတ်အပြစ်ပေးသွားပြီး နိုင်ငံပုံရိပ်မြှင့်တင်သွားဖို့ အစိုးရက ရည်မှန်းချက်ထား လုပ်ဆောင်နေလျက်ရှိပါတယ်။

ထုတ်ပယ်ခံလိုက်ရသူ ငုရင် ရွှမ်အန်း ကျူးလွန်ခဲ့တဲ့ အမှားအယွင်းတွေက ကြီးလေးခဲ့တယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။

၎င်းဟာဆိုရင် ကုမ္ပဏီတစ်ခုဆီကနေ ကားတစ်စီး လက်ခံရယူထားမှု၊ ဗီယက်နမ် ပညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုတဲ့ ပြည်ပဒေါက်တာဘွဲ့တစ်ခုကိုပါ ကိုင်ဆောင်ထားမှုအပါအဝင် အခြားစည်းကမ်းချိုးဖောက်မှုတို့ ကျူးလွန်ထားခဲ့တယ်ဆိုပြီး ကော်မရှင်က ထုတ်ဖော်စွပ်စွဲခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly