အမျိုးသားအာဇာနည် ခေါင်းဆောင် သခင်မြ အသက် (၁၂၀) ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ

အမျိုးသားအာဇာနည် ခေါင်းဆောင် သခင်မြ အသက် (၁၂၀) ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန် ၊ အောက်တိုဘာ ၇ ။        ။ တို့ဗမာအစည်းအရုံးဥက္ကဌ အမျိုးသားအာဇာနည် ခေါင်းဆောင် သခင်မြ အသက် (၁၂၀) ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ အောက်တိုဘာ လ ၇ ရက်နေ့က ရန်ကုန်၊ အလုံ မြို့နယ်ရှိ သခင်မြ ပန်းခြံတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဂုဏ် ပြုစကား ပြောကြားခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကို နမူနာယူပြီး ဒီမိုကရေစီပန်းတိုင်ကိုရောက်သည်အထိ ဖယ်ဒရယ်ပြည်ထောင်စုကြီးထူထောင်နိုင်အောင် ကြိုးပမ်းရမည်ဟု  ဦးဖြိုးမင်းသိန်းက ပြောသည်။

"သခင်မြရဲ့အရေးကြီးဆုံး ကြိုးပမ်းဆောင်ရွက်မှု ဟာဆိုရင် ကျွန်တော်တို့ လွတ်လပ်ရေးကြီး ရဖို့ အတွက် ပင်လုံညီလာခံကြီးကို ဆောင်ရွက်သင့် တယ်လို့ ပထမဆုံးအကြံပြုခဲ့တဲ့ပုဂ္ဂိုလ်ကြီးပဲ ဖြစ်ပါတယ်။ အခုအခြေအနေကာလမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေး၊ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်ထောင်စုအရေးအတွက် ကျွန်တော်တို့အားလုံး ဟာ ဒုတိယအကြိမ် ပင်လုံညီလာခံကြီးဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပဖို့ကြိုးပမ်းနေတဲ့ အချိန်ကာလတစ်ခုပဲ ဖြစ်ပါတယ်၊ ဒီလို ၂၁ ရာစု ပင်လုံညီလာခံကြီးတစ်ရပ်ကို ကျင်းပဆောင် ရွက်နိုင်မှ ကျွန်တော်တို့တိုင်းပြည်ဟာ တည်ငြိမ် အေးချမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်၊ ဒီမိုကရေစီလမ်း ကြောင်းကလည်း ခိုင်မာလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အားလုံးဟာ ကျွန်တော် တို့ရဲ့ ပင်လုံညီလာခံအတွေး၊ ပင်လုံညီလာခံအယူ အဆတစ်ခုကို စတင်ပုံဖော်ပေးနိုင်ခဲ့တဲ့ သခင်မြ ရဲ့ကြိုးပမ်းမှုဟာ ကျွန်တော်တို့ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေသင့်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့ သည်။

အခမ်းအနားကို သခင်မြမိသားစုနှင့် တို့ဗမာ အစည်းအရုံး (မျိုးဆက်သစ်) အဖွဲ့က ဦးစီးကျင်းပ ခဲ့ခြင်းဖြစ်သည်။  နံနက်ပိုင်းတွင်လည်း ဒယ်အိုးဆရာ တော် ဦးသုမင်္ဂလက သြဝါဒချီးမြှင့်ခဲ့ပြီး ပင့်သံဃာ ၁၁ပါးကို ဆွမ်းကပ် လှူဒါန်းခဲ့သည်။

ထို့နောက် နံနက် ၉ နာရီတွင် တို့ဗမာအစည်းရုံး (မျိုးဆက် သစ်) အဖွဲ့က တို့ဗမာအစည်းရုံး၏ “ တို့ဗမာ“ သီချင်းကို သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ က အောက်မေ့ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး စာရေးဆရာလှကွန်းက သမိုင်းတခွင် သခင်မြ စာတမ်းကိုဖတ်ကြားခဲ့သည်။

အစိုးရအဖွဲ့ဝင်များ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်အား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် လွတ်လပ်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲများတွင် အသက်ပေးလှူခဲ့သူ များအား အလေးပြုခဲ့ကြသည်။ထို့အပြင် ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် လူမျိုးရေးအစွန်းရောက် (ARSA)၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် တိုင်းရင်းသားများနှင့် နိုင်ငံ့ဝန်ထမ်း များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက် ဆုတောင်းခြင်း အစီအစဉ်များလည်း ပြုလုပ်ခဲ့ သည်။

တို့ဗမာအစည်းအရုံးဥက္ကဌ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ ကို ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ရက် ကြာသပတေးနေ့ တွင်ပြည်ခရိုင်၊ ထုံးဘိုမြို့တွင် အဖသစ်ကုန်သည် ဦးဘိုးချွန်၊ အမိဒေါ်သက်လယ်တို့မှ မွေးဖွားပြီး ငယ်နာမည်မှာ မောင်မြရွှေဖြစ်သည်။

သခင်မြသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ က ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လန်ဒန်သွားသည့် မြန်မာ့ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့သည်။

သခင်မြသည် ကြားဖြတ်ယာယီအစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်း ရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ်လည်းကောင်း၊ ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ယာယီသဘာပတိ အဖြစ် လည်းကောင်းတာဝန်ယူခဲ့ပြီး  မြန်မာနိုင်ငံတော် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly