ဘရာဇီးက နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ ကျောင်းစောင့်က ကလေးငယ်ခြောက်ဦးကို မီးရှို့သတ်

ဘရာဇီးက နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ ကျောင်းစောင့်က ကလေးငယ်ခြောက်ဦးကို မီးရှို့သတ်

 

အောက်တိုဘာ ၇ ။                      ။ ဘရာဇီးနိုင်ငံက နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ ကျောင်းစောင့်က ကလေးငယ် ခြောက်ယောက်နဲ့ ဆရာမတစ်ဦးတို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်း ဖြစ်စဉ်မှာ ကျောင်းစောင့်ဖြစ်သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်ပြီး ၎င်းဟာ ကလေးငယ်တွေနဲ့ ဆရာမတို့ကို အရက်ပြန်နဲ့ ပက်ပီး မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘရာဇီးနိုင်ငံတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ ယင်း ကြောက်မက်ဖွယ်တိုက်ခိုက်မှုမှာတော့ လူ ဒါဇင်နဲ့ချီ ပြီး မီးလောင်ဒဏ်ရာတွေ ရသွားခဲ့ကြသလို ကျူးလွန်သူ ကျောင်းစောင့်ဖြစ်သူ ကိုယ်တိုင်လည်း မီးလောင်ဒဏ်ရာတွေ ရပြီး သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ဘရာဇီးနိုင်ငံ မီနပ်စ် ဂျရက်စ်ပြည်နယ် မြောက်ပိုင်းရှိ ဂျန်နော်ဘာ မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ လူပေါင်း ၅၀ လောက်ကို ဆေးရုံတင်ပို့ကုသထားခဲ့ရတယ်လို့ အဆိုပါ မြို့တွင်း ဆေးရုံက ဒါရိုက်တာ ဘရူနို အတိုင်ဒီ ဆန်းတို့စ်က ပြောပါတယ်။

ကလေးငယ်တွေနဲ့ ဆရာ ဆရာမတွေကို မီးရှို့တိုက်ခိုက်ခဲ့သူ ကျောင်းစောင့်ကတော့ ဒါမြောင် ဆော်ရက်စ် အမည်ရ အသက် ၅၀ အရွယ်အမျိုးသား ဖြစ်တယ်လို့ လည်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ချိန်မှာတော့ ယင်းနေ့ကလေးထိန်းကျောင်းမှာ ကလေးငယ် ၈၀ ခန့် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly