ကုန်စည်စီးဆင်းမှုအတွက် မြစ်ကြောင်းခရီး အသုံးပြုရန် တိုင်းအစိုးရက အထူးစီမံကိန်းဖြင့် လုပ်ဆောင်မည်

ကုန်စည်စီးဆင်းမှုအတွက် မြစ်ကြောင်းခရီး အသုံးပြုရန် တိုင်းအစိုးရက အထူးစီမံကိန်းဖြင့် လုပ်ဆောင်မည်

ရန်ကုန်၊အောက်တိုဘာ ၇ ။                        ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်များကို ခရီးသည်သယ်ယူပို့ဆောင်ရေးဆောင်ရွက်နိုင်သကဲ့သို့ ကုန်စည်များပို့ဆောင်နိုင်ရန် အထူးစီမံကိန်းထား   ဆောင်ရွက်နေကြောင်း  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်သည်။

အောက်တိုဘာ(၆)ရက်နေ့ Yangon Water Bus ဖွင့်ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့မြစ်ကြောင်းကနေပြီးတော့သာ ခရီးသည်တွေကိုပို့ဆောင်နိုင်သလို ကုန်စည်တွေကို လည်း ဒီမြစ်ကြောင်းကနေသယ်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သီလဝါဆိပ်ကမ်း ကသော်လည်းကောင်း၊ ရန်ကုန်မြို့ရဲ့ မြို့လယ်မှာရှိတဲ့ ဆိပ်ကမ်းတွေက သော်လည်းကောင်း စက်မှုဇုန်တွေကို ကုန်တင်နိုင်မယ့်ကုန်သေတ္တာတွေနဲ့ ဆွဲပြီးတော့ သယ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်ရှိမြစ်များကို ထိုကဲ့သို့ ကုန်စည်သယ်ယူရန်အသုံးချကာ မြို့တွင်းသို့ကုန်ကားများသွားလာဖို့ မလိုရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏အမွေအနှစ်တစ်ခုဖြစ်သော ဗိုလ်တစ်ထောင်စေတီဘေးရှိလမ်းပေါ်၌ ကုန်သေတ္တာတင် ကားများ ပြေးဆွဲနေသည်မှာ စဉ်းစားရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးကို ရေကြောင်းဖြင့်သွားလာနိုင်ရန်ဆိုသည်မှာ ရှေ့ဆက် လုပ်ဆောင်ရမည့်အရာများဖြစ်ပြီး စီးပွားရေးအချက်ချာကျသည့်   မြို့တော်ကြီး၏ ကြိုးပမ်း ဆောင်ရွက်မှုများ နိုင်ငံတစ်ဝှမ်းကိုချိတ်တွဲနိုင်ရန် ရန်ကုန် စတင်လှုပ်ခတ်ရမည်ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယခုနှစ်၂၀၁၇ ဇန်နဝါရီ(၁၆)ရက်နေ့မှစတင်ကာ မော်တော်ယာဉ်ထိမ်းသိမ်းရေးလိုင်းပေါင်းစုံ(မထသ)စနစ်အား ဖျက်သိမ်းခဲ့ပြီး ရန်ကုန်အများပိုင် ဘတ်စ်ကားစနစ်(YBS)သို့ ပြောင်းလဲဖော်ဆောင်ခဲ့သည်။

ထို့အပြင် ရန်ကုန်ရေကြောင်းဘတ်စ်ကိုလည်း စတင်လုပ်ဆောင်နေကြောင်း တရားဝင် ပြောကြားသည့်နေ့မှစ၍ (၉)လအကြာတွင် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ် အစရှိသောမြစ်များ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly