လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဟုခံယူပြီး ဆောင်ရွက်ချိန်မှစ၍ အခက်အခဲတွေ့လာဟု သူရဦးရွှေမန်းဆို

လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဟုခံယူပြီး ဆောင်ရွက်ချိန်မှစ၍ အခက်အခဲတွေ့လာဟု သူရဦးရွှေမန်းဆို
ဓါတ်ပုံ - H.E. Thura U Shwe Mann

လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ ) လွှတ်တော်မျိုးကိုသာ အချို့က ဖြစ်စေလိုချိန်တွင် ‘မိမိတို့ အနေဖြင့် လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော် မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရသည် ‘ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာမှ ရာထူး လျော့ချခြင်း ခံထားရသည့် သူရဦး ရွှေမန်းက သြဂုတ် ၁၅ ရက် ည ရှစ်နာရီခန့်တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပြောကြားလိုက်သည်။

သူရဦးရွှေမန်းနှင့် ပတ်သက်ပြီး ကောလဟလ အမျိုးမျိုးထွက်ရှိခဲ့သည့် အချိန်ကလည်း ၎င်းအနေဖြင့် လုပ်စရာရှိသည်များကို လုပ်ဆောင်နေကြောင်းကို လူမှုကွန်ရက်မှ တဆင့်ပင် သြဂုတ် ၁၄ ရက်က အသိပေးခဲ့သည်။

‘မိမိ၏ ဆန္ဒ အမှန်’ ဟု ခေါင်းစဉ်တပ်ကာ ရေးသားထာသည့် ၎င်း၏ ပြောကြားချက်တွင် လက်ညှိုးထောင ်ခေါင်းညိတ်လွှတ်တော်မျိုးကိုသာ အချို့က ဖြစ်စေလိုသည်ဟု ရေးသားထား သော်လည်း မည်သူဟု တိတိကျကျ ပြောကြားထားခြင်းမရှိပေ။ ယင်းအပြင် ၎င်း၏ ပြောကြားချက်တွင် အခက်အခဲများထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီး လုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်ခဲ့ကြောင်း ဆိုထားသည်။

၎င်းအနေဖြင့် ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် ငါးနှစ်တာကာလအတွင်း ပြည်သူ့ အတွက် ဘဝပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် ကတိသစ္စာပြုကာ အားပေးခဲ့သည်ဟုလည်း ရေးသားထားသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ‘မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်’ ဟုလည်း ဖော်ပြထားသည်။

၎င်းအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန် ဆန္ဒ အမှန် ရှိသည်ဟုလည်း ဖော်ပြထားပြီး ‘ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ’ ဟူ၍လည်း ဖော်ပြထားသည်။

ယင်းသို့ စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို သိရှိထားပြီး ၎င်းအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါဟုလည်း ပါဝင်သည်။ ပါတီ လုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်လာရန် လိုအပ်သည့် အချိန် ဖြစ်သောကြောင့် ပါတီဥက္ကဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒုတိယ ဥက္ကဋ္ဌ/ ဥက္ကဋ္ဌ ပူးတွဲတာဝန်ကို သူရဦးရွေမန်းအစား ဒုတိယ ဥက္ကဌ ဦးဌေးဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါတီအနေဖြင့် တာဝန်လွဲအပ်ခြင်းကို သြဂုတ် ၁၂ ရက်တွင် လွဲပြောင်းခဲ့သည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly