တရုတ် ငါးဖမ်းသင်္ဘောနဲ့ ဟောင်ကောင်ဆီတင်သင်္ဘောတို့ တိုက်မိ၍ ၁၂ ဦး သေဆုံး

တရုတ် ငါးဖမ်းသင်္ဘောနဲ့ ဟောင်ကောင်ဆီတင်သင်္ဘောတို့ တိုက်မိ၍ ၁၂ ဦး သေဆုံး

 

အောက်တိုဘာ ၆ ။                    ။ ဂျပန်အနောက်ပိုင်း ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်မှာ အောက်တိုဘာ ၅ ရက်က တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းနဲ့ ဟောင်ကောင် ဆီတင်သင်္ဘောတစ်စင်းတို့ တိုက်မိပြီး ပျောက်ဆုံးနေခဲ့တဲ့ သင်္ဘောသား ၁၂ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားခဲ့ရပြီဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။

ဆီတင်သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်သွားတဲ့ တရုတ်ငါးဖမ်းသင်္ဘောအတွင်းကနေ သင်္ဘောသား ၁၂ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပြီဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

အရှေ့ပင်လယ်လို့ သိကြတဲ့  ဂျပန်ပင်လယ်ပြင်အတွင်း  အိုကီ ကျွန်းစုမြောက်ပိုင်း ကီလို ၄၀၀ အကွာမှာ ယခုလို သင်္ဘောချင်းတိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တန်ချိန် ၂၉၀ ရှိ တရုတ်သင်္ဘောမှာတော့ စုစုပေါင်း သင်္ဘောအမှုထမ်း ၁၆ ဦးထိ လိုက်ပါလာခဲ့တယ်လို့ သိရပြီး ၁၂ ဦးသေဆုံးကာ ကျန်သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တန်ချိန်ပေါင်း ၆၃,၂၉၄ ရှိ ဟောင်ကောင်သင်္ဘောပေါ်မှာတော့ သင်္ဘောသား ၂၁ ဦးထိ လိုက်ပါလာတယ်လို့ သိရပြီး ၎င်းတို့အားလုံးကတော့ ဘေးကင်းခဲ့တယ်လို့ ယုံကြည်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း သင်္ဘောချင်းတိုက်မိမှုဖြစ်စဉ်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဂျပန်အာဏာပိုင်တွေက ကင်းလှည့်ရေယာဉ်သုံးစင်း စေလွှတ်ဖြန့်ကျက်စေခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly