ကားလမ်းပိတ်နေလို့ အင်ဒိုနီးရှား သမ္မတက စစ်ရေးပြကွင်းကို လမ်းလျှောက်သွားခဲ့ရ

ကားလမ်းပိတ်နေလို့ အင်ဒိုနီးရှား သမ္မတက စစ်ရေးပြကွင်းကို လမ်းလျှောက်သွားခဲ့ရ

 

ဂျကာတာ၊ အောက်တိုဘာ ၅ ။              ။ အင်ဒိုနီးရှားနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စစ်ရေးပြအခမ်းအနားကို သွားရောက် တက်ရောက်မယ့် သမ္မတဖြစ်သူကိုယ်တိုင် နေပူထဲ နှစ်ကီလိုမီတာခန့်ကို လမ်းဆင်းလျှောက်ပြီး သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ခြစားမှု ဒဏ်ပိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှရဲ့ အဆိုးဝါးဆုံး ဗျူရိုကရေစီစနစ်နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားကျွန်းက မြို့ကြီးတွေဟာ ယာဉ်ကြောကျပ်တည်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။

ဒီလို ကားလမ်းပိတ်ဆို့မှုဟာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ စစ်တပ်ထူထောင်မှု ၇၂ နှစ်ပြည့် စစ်ရေးပြအခမ်းအနားကို သွားရောက်ရာမှာ ခြေလျင် ဆင်းလျှောက်စေတဲ့အထိ ဖြစ်စေလာတာပဲဖြစ်ပါတယ်။

ဂျိုကိုဝီနဲ့ အစိုးရအဆင့်မြင့်အရာရှိတွေဟာ ဂျကာတာမြို့တော်ကနေ နှစ်နာရီခွဲ ခရီးဖြစ်တဲ့ စီလီဂွန်ဆိပ်ကမ်းမြို့က စစ်ရေးပြအခမ်းအနားကို သွားရောက် တက်ရောက်ရာမှာ ယာဉ်ကြောပိတ်ဆို့မှု ကြုံခဲ့တာလို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

အစိုးရအဖွဲ့ဟာဆိုရင် နာရီဝက်လောက် စောင့်ဆိုင်းခဲ့ကြပါသေးတယ်။ “သမ္မတ ဂျိုကိုဝီက ဆုံးဖြတ်တာပါ။ ကားပေါ်ကဆင်းပြီး လမ်းလျှောက်သွားတော့မယ်ဆိုပြီး ဆုံးဖြတ်လုပ်ဆောင်လိုက်တာပါ။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အမျိုးသားရဲဌာန အကြီးအကဲ တီတိုဟာလည်း သမ္မတနဲ့ အတူ လမ်းဆင်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံက သမ္မတဖြစ်သူက ခုလို အစဉ်အလာနဲ့ မညီဘဲ လမ်းပေါ် ဆင်းလျှောက်ရတာနဲ့ ပတ်သက်ပြီး လူမှုမီဒီယာမှာ   မေးမြန်းဝေဖန်မှုတွေလည်း   ပေါ်ထွက်နေပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly