ထိုင်ဝမ်မှာ ဆင်နွှဲနေတဲ့ ကွမ်းယာတိုက်ပွဲ

ထိုင်ဝမ်မှာ ဆင်နွှဲနေတဲ့ ကွမ်းယာတိုက်ပွဲ

 

ထိုင်ဝမ်၊ အောက်တိုဘာ ၅ ။             ။ ဟုအန်ရှန်ယီအတွက်က သူ့ရဲ့ ကုန်းမြင့်စိုက်ပျိုးရေးခြံမှာ ကွမ်းသီးပင် ထောင်ပေါင်းများစွာစိုက်ပြီး ထိုင်ဝမ်က ကွမ်းယာစွဲနေသူတွေအတွက် အမျှင်မပြတ်အောင် စိုက်ပျိုးပေးနေနိုင်သူတစ်ဦးပါ။

ခုချိန်မှာတော့ ဟုအန်တစ်ယောက်ဟာလည်း အစိုးရရဲ့ ကွမ်းယာစွဲစားမှု အကျင့် လျှော့ချရေး လုပ်ငန်းစဉ်တစ်ရပ်မှာ အပါအဝင်ဖြစ်တဲ့ အခြားသီးပင် ပြောင်းစိုက်ပျိုးဖို့ မက်ပေးပေး စည်းရုံးမှုမှာ အခြားကွမ်းစိုက်တောင်သူတွေလိုပဲ ပါဝင်လိုက်နာနေရပြီ ဖြစ်ပါတယ်။

ကွမ်းယာစားခြင်းဟာ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ ဆိုးကျိုးရှိနေတယ်ဆိုတာ သိရှိထားကြပြီးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်ဝမ်ကျွန်းမှာက ကွမ်းရွက်စိမ်းပေါ် ထုံးပေါက်ပြီး ဆေးထည့်လို့ စားကြတာ အမြစ်တွယ်နေပြီး လမ်းဘေးကွမ်းယာဆိုင်တွေလည်း ရှိနေလို့ နေ့စဉ် သန်းနဲ့ချီ ကွမ်းယာစားနေကြတာ ဖြစ်ပါတယ်။

ကွမ်းသမားတွေအတွက် ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ ရလဒ်ဟာ သာမန်သူတွေထက် ၂၈ ဆ ပိုတယ်လို့ ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ကျန်းမာရေး ဆိုးကျိုးပေးတယ်ဆိုပြီး ရိုးရိုးတန်းတန်း လှုံ့ဆော်ရုံနဲ့ မလုံလောက်ဘူး။ ကွမ်းစားအကျင့်က လူမှုအသိုင်းအဝန်းမှာ အမြစ်တွယ်နေပြီ။”ဟု ခံတွင်းကင်ဆာဝေဒနာရှင်တွေ   ပြန်လည်ထူထောင်ရေး  NGO တစ်ရပ်ဖြစ်တဲ့ Sunshine Social Welfare Foundation ပရောဂျက်မန်နေဂျာ ချောင်လီချန်းက ပြောပါတယ်။

၂၀၀၃ ခုနှစ်က သုတေသနပြုချက်တစ်ရပ်အရ ထိုင်ဝမ်မှာ ကင်ဆာဘေးဖြစ်စေတဲ့ ကွမ်းစားဓလေ့က လူကြိုက်များမှု ကျဆင်းလာခဲ့တာ တွေ့ရတယ်ဆိုပေမယ့် ပြည်သူဦးရေ နှစ်သန်းခန့် ကွမ်းစားသူတွေ ဖြစ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အစိုးရဟာ ကွမ်းသီးပင် အရေအတွက် နည်းသွားအောင် ကြိုးစားလာပါတယ်။ ကွမ်းစိုက်တောင်သူတွေအနေနဲ့ အခြားသီးပင် ပြောင်းစိုက်မယ်ဆို တစ်ဟတ်တာကို ထိုင်ဝမ်ဒေါ်လာ နှစ်သိန်းခွဲ(အမေရိကန်ဒေါ်လာ ၈၃၁၅ ဒေါ်လာ) အမတော်ကြေး ချီးမြှင့်မယ်လို့ စည်းရုံးလာတာပဲ ဖြစ်ပါတယ်။

ဟုအန်ဆိုရင် ခုချိန်မှာ ကွမ်းသီးပင်နေရာမှ ဆီထွက်သီးနှံ ကမဲလီးယားပင်ေတွေကို ပြောင်းစိုက်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများ ကွမ်းစိုက်တောင်သူတွေက ခုအပြောင်းအလဲမှာ လိုက်ပါဖို့ တုံ့ဆိုင်းနေကြသေးကြောင်း အသက် ၅၇ နှစ်ရှိတဲ့ ဟုအန်က ပြောခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly