ဟားမက်စ်တို့လက်နက်စွန့်လွှတ်မှသာ ပါလက်စတိုင်းနှင့် ရင်ကြားစေ့ဖို့သဘောတူမည်ဟု နေတန်ယာဟုပြော

ဟားမက်စ်တို့လက်နက်စွန့်လွှတ်မှသာ ပါလက်စတိုင်းနှင့် ရင်ကြားစေ့ဖို့သဘောတူမည်ဟု နေတန်ယာဟုပြော

 

ဂျေရုစလမ်၊ အစ္စရေး၊ အောက်တိုဘာ ၄ ။                ။ အီရန်တို့ကျောထောက်နောက်ခံပြုထားသည့် ဟားမက်စ်အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ခြင်းမရှိပါက ပါလက်စတိုင်းတို့နှင့်   ပြန်လည်ရင်ကြားစေ့ရေး သဘောတူညီချက်ကို ယတိပြတ်ငြင်းဆန်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီး ဘန်ဂျမင်နေတန်ယာဟုက အင်္ဂါနေ့၌ ပြောကြားခဲ့သည်။

“ကျနော်တို့ အယောင်ဆောင် ရင်ကြားစေ့ရေး သဘောတူညီချက်ကို လက်ခံသွားမှာမဟုတ်ပါဘူး။ ပါလက် စတိုင်းတို့ လိုချင်တဲ့ရင်ကြားစေ့မှုမျိုးက ကျနော်တို့ရဲ့နေထိုင်ရပ်တည်မှုကို ထိခိုက်စေပါတယ်” ဟု နေတန်ယာဟုက ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

“ရင်ကြားစေ့ရေးကိုဆောင်ရွက်ချင်တဲ့ မည်သူမဆိုကိုပြောချင်တာက ကျနော်တို့ရဲ့ရပ်တည်ချက်က ပြတ်သား ပါတယ်။ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုပေးရမယ်။ ပြီးတော့ ကျနော်တို့ကို ဖျက်ဆီးချေမှုန်းချင်တဲ့ အီရန်တို့နဲ့ အဆက်အဆံရှိတဲ့ ဟားမက်စ်စစ်တပ်ကို လက်နက်ဖျက်သိမ်းပေးရပါမယ်” ဟု နေတန်ယာဟုက ဖြည့်စွက် ပြောကြားခဲ့သည်။

ပြီးခဲ့သောတနင်္လာနေ့က ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီဟမ်ဒါလားသည် ဂါဇာဒေသို့ သုံးရက်တာခရီးစဉ်ဖြင့် ရောက်ရှိနေခဲ့ပြီး ပါလက်စတိုင်း၏ ဦးဆောင်အဖွဲ့ ၂ဖွဲ့သည် စည်းလုံးညီညွတ်သော အစိုးရအဖွဲ့ကိုဦးဆောင်နိုင် ဖို့ ရင်ကြားစေ့ရေးသဘောတူညီချက်ကို မျှော်မှန်းနေကြောင်း သိရသည်။

နိုင်ငံတကာအသိအမှတ်ပြု ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) သည် အစ္စရေးတို့နှင့် ငြိမ်းချမ်းရေးသဘောတူ ညီချက် ရရှိထားသော်လည်း ဂါဇာဒေသကိုထိန်းချုပ်ထားသော ဟားမက်စ်အဖွဲ့သည် လွန်ခဲ့သော ၂၀၀၈ ခုနှစ် ကတည်းက အစ္စရေးတို့နှင့် စစ်ပွဲကြီး ၃ပွဲဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး မရရှိသေးကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့သည် ကြီးမားသောစစ်အင်အားကို ပိုင်ဆိုင်ထားပြီး ထိုအဖွဲ့၏အကြီးတန်းအရာရှိများကလည်း ရင်ကြားစေ့ရေးသဘောတူညီချက်အတွက် လက်နက်ဖျက်သိမ်းရမည့်အစီအစဉ်ကို လက်မခံကြောင်း သိရသည်။

သို့သော်လည်း PA အဖွဲ့၏ဥက္ကဌဖြစ်သူ မာမွတ်အာဘက်စ်က အနာဂတ်မှာ နိုင်ငံတစ်ခု၊ စနစ်တစ်ခု၊ ဥပဒေ တစ်ခု၊ လက်နက်ကိုင်တစ်ဖွဲ့ တစ်ခုတည်းပဲ ရှိရပါမယ်ဟု ဟားမက်စ်အဖွဲ့ကို ရည်ညွှန်းကာ ပြီးခဲ့သောတနင်္လာ နေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly