ဘဏ်တစ်ခုအတွင်းသို့ လှိုဏ်ခေါင်းဖောက်၍ ၀င်ရောက်ရန်ကြိုးပမ်းခဲ့သော ဓားပြများကို ဘရာဇီးရဲဖမ်းဆီး

ဘဏ်တစ်ခုအတွင်းသို့ လှိုဏ်ခေါင်းဖောက်၍ ၀င်ရောက်ရန်ကြိုးပမ်းခဲ့သော ဓားပြများကို ဘရာဇီးရဲဖမ်းဆီး

 

ဆော်ပေါ်လို၊ ဘရာဇီး၊ အောက်တိုဘာ ၄ ။               ။ ဆော်ပေါ်လိုမြို့ရှိ ဘဏ်တစ်ခုအတွင်းမှ ဒေါ်လာသန်းပေါင်းများစွာကို အလစ်သုတ်ရန်အတွက် ပေ ၂၀၀၀ နီးပါး ခန့်ရှိသော ဥမင်လှိုဏ်ခေါင်း တစ်ခုကို  ဖောက်လုပ်ခဲ့သည့် ဓားပြတစ်စုအား လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ဘရာဇီး ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ဘရာဇီးရဲတပ်ဖွဲ့သည် ဥမင်လှိုဏ်ခေါင်းဖောက်ပြီး လုယက်မှုကျူးလွန်ရန် စီစဉ်ခဲ့ကြသော ဓားပြ ၁၆ ယောက်ကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္လာနေ့အနှောင်းပိုင်း၌   ကြေညာခဲ့သည်။ ထိုဓားပြတစ်စု သည် ဘန်ကိုဒိုဘရာဇီးလ်ဘဏ်၏ ဘဏ်ခွဲတစ်ခုအတွင်းမှ မီးခံသေတ္တာများကို ဖွင့်ရန်အတွက် သူတို့ဖောက်လုပ် ထားသော ဥမင်လှိုဏ်ခေါင်းအတွင်းမှ ဝင်ရောက်ရန် ကြိုးပမ်းနေစဉ်တွင် ဘရာဇီးရဲတပ်ဖွဲ့ကဝင်စီးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ၏အဆိုအရ ဓားပြတစ်စုသည် အမေရိကန်ဒေါ်လာ ၃၁၇ သန်းခန့်ကို ရယူရန်ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဓားပြတွေသာအောင်မြင်ခဲ့ရင် ဒါဟာကမ္ဘာ့အကြီးဆုံးလုယက်မှုတစ်ခု ဖြစ်သွားပါလိမ့်မယ်” ဟု ရဲမှူးကြီး ဖေဘီယိုပင်ဟိုင်းရိုလိုပက်ဇ်က Globo ရုပ်သံဌာနသို့ ပြောကြားခဲ့သည်။

ထိုဓားပြတစ်စုသည် သူတို့လုယက်မည့်ဘဏ်မှ ရပ်ကွက်အနည်းငယ်ခန့် ကွာဝေးသောနေရာမှစတင်၍ လွန်ခဲ့ သော ၄ လခန့်ကတည်းက ဥမင်လှိုဏ်ခေါင်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly